အင်္ဂုတ္တရနိကာယ်

(၁၇) ၂-အာဃာတဝဂ်

၅-ပဥှပုစ္ဆာသုတ်

၁၆၅။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင်ရဟန်းတို့”ဟု ခေါ်တော်မူ၏။ပ။

ငါ့သျှင်တို့ သူတစ်ပါးအား ပြဿနာမေးသူဟူသမျှ အားလုံးသည် အကြောင်းငါးမျိုးတို့ဖြင့်သော်လည်းကောင်း၊ ထိုအကြောင်းငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း မေး၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ပညာနုံ့သည်၏ အဖြစ် အလွန်တွေဝေသည်၏ အဖြစ်ကြောင့် သူတစ်ပါးအား ပြဿနာမေး၏။

ယုတ်ညံ့သော အလိုရှိသဖြင့် အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

နှိပ်စက်လိုသည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

သိလိုသည်ဖြစ်၍ သူတစ်ပါးအား ပြဿနာမေး၏။

ထို့ပြင် အကယ်၍ ပြဿနာကို ငါ မေးသည်ရှိသော် ကောင်းစွာ ဖြေဆိုနိုင်ပါမူ ကောင်း၏၊ ကောင်းစွာမဖြေဆိုနိုင်ပါမူ ငါသည်ပင် ထိုသူအား ကောင်းစွာ ဖြေကြားမည်ဟု ဤသို့ စိတ်ရှိသည်ဖြစ်၍သူတစ်ပါးအား ပြဿနာမေး၏။

ငါ့သျှင်တို့ သူတစ်ပါးအား ပြဿနာမေးသူဟူသမျှအားလုံးသည် ဤအကြောင်းငါးမျိုးတို့ဖြင့်သော်လည်းကောင်း၊ ထိုအကြောင်းငါးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း သူတစ်ပါးအား ပြဿနာမေး၏။

ငါ့သျှင်တို့ ငါသည်မူကား အကယ်၍ ပြဿနာကို ငါမေးသည်ရှိသော် ကောင်းစွာ ဖြေဆိုနိုင်ပါမူကောင်း၏၊ ကောင်းစွာ မဖြေဆိုနိုင်ပါမူ ငါသည်ပင် ထိုသူအား ကောင်းစွာ ဖြေကြားမည်ဟု ဤသို့စိတ်ရှိသည်ဖြစ်၍ သာလျှင် သူတစ်ပါးအား ပြဿနာကို မေး၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။