အင်္ဂုတ္တရနိကာယ်

(၁၈) ၃-ဥပါသကဝဂ်

၃-နိရယသုတ်

၁၇၃။ ရဟန်းတို့ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ ရှိ၏၊ မဟုတ်မမှန် ပြောလေ့ရှိ၏၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက် လေ့ရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူနတ်ပြည်၌ ဖြစ်ရ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့််ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော ဥပါသကာသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူနတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။