အင်္ဂုတ္တရနိကာယ်
(၁၈) ၃-ဥပါသကဝဂ်
၅-စဏ္ဍာလသုတ်
၁၇၅။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ဥပါသကာဒွန်းစဏ္ဍားလည်း မည်၏၊ ဥပါသကာညစ်လည်း မည်၏၊ ဥပါသကာညံ့လည်း မည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ယုံကြည်မှု ‘သဒ္ဓါ’ တရားမရှိ။
စောင့်ထိန်းမှု ‘သီလ’ မရှိ။
ကောတုဟလမင်္ဂလာကို ယုံကြည်မှု ရှိ၏။
မင်္ဂလာကို ယုံကြည်၍ ကံကို မယုံကြည်။
ဤသာသနာတော်မှ ပြင်ဘက်၌လည်း အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏၊ ထိုသာသနာ့အပြင်ဘက်၌လည်း ရှေးဦးစွာ ကောင်းမှုကို ပြု၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ဥပါသကာဒွန်းစဏ္ဍားလည်း မည်၏၊ ဥပါသကာညစ်လည်း မည်၏၊ ဥပါသကာညံ့လည်း မည်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ဥပါသကာသည် ဥပါသကာရတနာလည်း မည်၏၊ ဥပါသကာပဒုမ္မာလည်း မည်၏၊ ဥပါသကာပုဏ္ဍရိကလည်း မည်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ယုံကြည်မှု ‘သဒ္ဓါ’ တရားရှိ၏။
စောင့်ထိန်းမှု ‘သီလ’ ရှိ၏။
ကောတုဟလမင်္ဂလာကို ယုံကြည်မှု မရှိ။
ကံကို ယုံကြည်၍ မင်္ဂလာကို မယုံကြည်။
ဤသာသနာတော်မှ ပြင်ဘက်၌ အလှူခံပုဂ္ဂိုလ်ကို မရှာမှီးတတ်၊ ဤသာသနာတော်၌ သာ ရှေးဦးစွာကောင်းမှုကို ပြု၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော ဥပါသကာသည် ဥပါသကာရတနာလည်း မည်၏၊ ဥပါသကာပဒုမ္မာလည်း မည်၏၊ ဥပါသကာပုဏ္ဍရိကလည်း မည်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။