အင်္ဂုတ္တရနိကာယ်
၂-ဗလဝဂ်
၈-ဒုတိယ ဟိတသုတ်
၁၈။ ရဟန်းတို့ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါး၏ အစီးအပွါးအလို့ငှါသာကျင့်၏၊ မိမိ၏ အစီးအပွါးအလို့ငှါ မကျင့်။
အဘယ်တရား ငါးမျိုးတို့နည်းဟူမူ—
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိကား သီလနှင့် မပြည့်စုံ၊ သူတစ်ပါးကိုမူ သီလနှင့်ပြည့်စုံစေရန် ဆောက်တည်စေ၏။ မိမိကား တည်ကြည်မှု ‘သမာဓိ’ နှင့် မပြည့်စုံ၊ သူတစ်ပါးကိုမူ သမာဓိနှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏။ မိမိကား ပညာနှင့် မပြည့်စုံ၊ သူတစ်ပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏။ မိမိကား (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’နှင့် မပြည့်စုံ၊ သူတစ်ပါးကိုမူ့ (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏။ မိမိကား (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် မပြည့်စုံ၊ သူတစ်ပါးကိုမူ (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် ပြည့်စုံစေရန်ဆောက် တည်စေ၏။
ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် သူတစ်ပါး၏ အစီးအပွါးအလို့ငှါသာ ကျင့်၏၊ မိမိ၏ အစီးအပွါးအလို့ငှါ မကျင့်ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။