အင်္ဂုတ္တရနိကာယ်

၂-ဗလဝဂ်

၁ဝ-စတုတ္ထဟိတသုတ်

၂ဝ။ ရဟန်းတို့ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါးအလို့ငှါလည်း ကျင့်၏၊ သူတစ်ပါး၏ အစီးအပွါးအလို့ငှါလည်း ကျင့်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ—

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း သီလနှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုလည်းသီလနှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏၊ မိမိလည်း တည်ကြည်မှု ‘သမာဓိ’ နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုလည်း တည်ကြည်မှု ‘သမာဓိ’ နှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏၊ မိမိလည်း ပညာနှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုလည်း ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏၊ မိမိလည်း (ကိလေသာမှ) လွတ်မြောက်မှု’ဝိမုတ္တိ’ နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုလည်း (ကိလေသာမှ) လွတ်မြောက်မှု ‘ဝိမုတ္တိ’ နှင့် ပြည့်စုံစေရန်ဆောက်တည်စေ၏၊ မိမိလည်း (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော ‘ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် ပြည့်စုံ၏၊ သူတစ်ပါးကိုလည်း (ကိလေသာမှ) လွတ်မြောက်မှုကို ဆင်ခြင်တတ်သော’ပစ္စဝေက္ခဏာ’ ဉာဏ်အမြင်နှင့် ပြည့်စုံစေရန် ဆောက်တည်စေ၏။

ရဟန်းတို့ ဤ တရားငါးမျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိ၏ အစီးအပွါးအလို့ငှါလည်း ကျင့်၏၊ သူတစ်ပါး၏ အစီးအပွါးအလို့ငှါလည်း ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ဗလဝဂ် ပြီး၏။