အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၈-ဒန္တကဋ္ဌသုတ်
၂ဝ၈။ ရဟန်းတို့ ဒန်ပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မျက်စိ မကြည်လင်။
ခံတွင်း အနံ့ မကောင်း။
အရသာကို ဆောင်တတ်သော အကြောတို့ မစင်ကြယ်ကုန်။
သည်းခြေသလိပ်သည် အစာကို မြှေးယှက်၏။
ထို (ဒန်ပူမစား) သူအား ထမင်း မမြိန်၊ ရဟန်းတို့ ဒန်ပူမစားခြင်း၌ အပြစ်တို့သည် ဤငါးမျိုး တို့တည်း။
ရဟန်းတို့ ဒန်ပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
မျက်စိ ကြည်လင်၏။
ခံတွင်း အနံ့ ကောင်း၏။
အရသာကို ဆောင်တတ်သော အကြောတို့ စင်ကြယ်ကုန်၏။
သည်းခြေ သလိပ်သည် အစာကို မမြှေးယှက်။
ထို (ဒန်ပူစား) သူအား ထမင်းမြိန်၏။
ရဟန်းတို့ ဒန်ပူစားခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။