အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၁ဝ-မုဋ္ဌဿတိသုတ်
၂၁ဝ။ ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သော ရဟန်း၏ အပြစ်တို့သည်ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ဆင်းရဲစွာ အိပ်ရ၏။
ဆင်းရဲစွာ နိုးရ၏။
မကောင်းသော အိပ်မက် မက်၏။
နတ်တို့ မစောင့်ရှောက်ကုန်။
သုက် လွတ်၏။
ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ချမ်းသာစွာ အိပ်ရ၏။
ချမ်းသာစွာ နိုးရ၏။
မကောင်းသော အိပ်မက်ကို မမက်။
နတ်တို့စောင့်ရှောက်ကုန်၏။
သုက် မလွတ်။
ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
ဒသမသုတ်။
ရှေးဦးစွာသော ကိမိလဝဂ် ပြီး၏။