အင်္ဂုတ္တရနိကာယ်

(၂၁) ၁-ကိမိလဝဂ်

၁ဝ-မုဋ္ဌဿတိသုတ်

၂၁ဝ။ ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သော ရဟန်း၏ အပြစ်တို့သည်ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ဆင်းရဲစွာ အိပ်ရ၏။

ဆင်းရဲစွာ နိုးရ၏။

မကောင်းသော အိပ်မက် မက်၏။

နတ်တို့ မစောင့်ရှောက်ကုန်။

သုက် လွတ်၏။

ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သော ရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ —

ချမ်းသာစွာ အိပ်ရ၏။

ချမ်းသာစွာ နိုးရ၏။

မကောင်းသော အိပ်မက်ကို မမက်။

နတ်တို့စောင့်ရှောက်ကုန်၏။

သုက် မလွတ်။

ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။

ဒသမသုတ်။

ရှေးဦးစွာသော ကိမိလဝဂ် ပြီး၏။