အင်္ဂုတ္တရနိကာယ်

၃-ပဉ္စင်္ဂ ိကဝဂ်

၂-ဒုတိယ အဂါရဝသုတ်

၂၂။ ရဟန်းတို့ ရိုသေမှု, တုပ်ဝပ်မှု, တူသောအသက်မွေးမှုမရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ချေ။

မြတ်သော ကျင့်ဝတ်တရားကို မဖြည့်ကျင့်မူ၍ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကိုဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို မဖြည့်ကျင့်မူ၍ သီလအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

သီလအစုကို မဖြည့်ကျင့်မူ၍ သမာဓိအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

သမာဓိအစုကို မဖြည့်ကျင့်မူ၍ ပညာအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်။

ရဟန်းတို့ ရိုသေမှု တုပ်ဝပ်မှု တူသော အသက်မွေးမှုရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် ရှိနိုင်၏။

မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လတ်သော် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သောတရားကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤ အကြောင်းမျိုးသည် ရှိနိုင်၏။

ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လတ်သော် သီလအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

သီလအစုကို ဖြည့်ကျင့်လတ်သော် သမာဓိအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည်ရှိနိုင်၏။

သမာဓိအစုကို ဖြည့်ကျင့်လတ်သော် ပညာအစုကို ဖြည့်ကျင့်လိမ့်မည်ဟူသော ဤအကြောင်းမျိုးသည်ရှိနိုင်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။