အင်္ဂုတ္တရနိကာယ်
(၂၅) ၅-ဒုစ္စရိတဝဂ်
၁-ပဌမ ဒုစ္စရိတသုတ်
၂၄၁။ ရဟန်းတို့ ဒုစရိုက်ရှိသူ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲ၏။
ပညာရှိတို့ကလည်း (ဉာဏ်ဖြင့်) စိစစ်၍ ကဲ့ရဲ့ကုန်၏။
မကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
တွေဝေလျက် သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာ ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ ဒုစရိုက်ရှိသူ၌ အပြစ်တို့သည် ဤ ငါးမျိုးတို့တည်း။
ရဟန်းတို့ သုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။
ပညာရှိတို့ကလည်း (ဉာဏ်ဖြင့်) စိစစ်၍ ချီးမွမ်းကုန်၏။
ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
မတွေဝေဘဲ သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက် ရ၏။
ရဟန်းတို့ သုစရိုက်ရှိသူ၌ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။