အင်္ဂုတ္တရနိကာယ်
၄-သုမနဝဂ်
၁ဝ-မဟာသာလပုတ္တသုတ်
၄ဝ။ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွါးခြင်း ငါးမျိုးတို့ဖြင့်ကြီးပွါးကြကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အကိုင်း အခက် အရွက်တို့ဖြင့် ကြီးပွါးကုန်၏။
အခေါက်ဖြင့် ကြီးပွါးကုန်၏။
အပွေးဖြင့် ကြီးပွါးကုန်၏။
အကာဖြင့် ကြီးပွါးကုန်၏။
အနှစ်ဖြင့် ကြီးပွါးကုန်၏။
ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေလူအပေါင်းသည် ကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါး၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
သဒ္ဓါတရားဖြင့် ကြီးပွါး၏။
သီလဖြင့် ကြီးပွါး၏။
အကြားအမြင်ဖြင့် ကြီးပွါး၏။
စွန့်ကြဲခြင်းဖြင့် ကြီးပွါး၏။
ပညာဖြင့် ကြီးပွါး၏။
ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည် ဤကြီးပွါးခြင်းငါးမျိုးတို့ဖြင့် ကြီးပွါး၏ဟု (မိန့်တော်မူ၏)။ တောအုပ်ကြီး၌ ရှိသည့် ကျောက်တောင်ကို အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့ သည်ကြီးပွါးစည်ပင်ကြကုန်သကဲ့သို့။ ထို့အတူ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤအမျိုးကောင်းသားကို မှီ၍သားမယားတို့သည်လည်းကောင်း၊ အဆွေအမျိုးတို့သည်လည်းကောင်း၊ မိတ်ဆွေခင်ပွန်းတို့သည်လည်းကောင်း၊ ဆွေမျိုးအပေါင်းတို့သည်လည်းကောင်း၊ ထိုအမျိုး သားကို အမှီပြု၍အသက်မွေးသူတို့သည်လည်းကောင်း သီလစသည်တို့ဖြင့် ကြီးပွါးကြကုန်၏။ ထိုသီလရှိသူ၏ သီလကိုလည်းကောင်း၊ စွန့်ကြဲခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်စရိုက်တို့ကိုလည်းကောင်း ကောင်းစွာမြင်ကြရကုန်သည်ဖြစ်၍ အတုလိုက်၍ ပြုလုပ်ကြကုန်၏။ ပညာရှိသူတို့သည် ဤသာသနာတော်၌ ကောင်းသောလားရာ (သုဂတိ)သို့ သွား ရောက်သူတို့၏လမ်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ကြကုန်၍ နတ်လောက၌ ကာမဂုဏ်တို့ကို လိုတိုင်းရကုန်လျက်နှစ်နှစ်သက်သက် ဝမ်းမြောက်ရလေကုန် သတည်း။
ဒသမသုတ်။
လေးခုမြောက် သုမနဝဂ် ပြီး၏။