အင်္ဂုတ္တရနိကာယ်
(၉) ၄-ထေရဝဂ်
၅-အက္ခမသုတ်
၈၅။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏မချစ်အပ်သူ မမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အဆင်း ‘ရူပါရုံ’ တို့ကို သည်းမခံနိုင်။
အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းမခံနိုင်။
အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းမခံနိုင်။
အရသာ ‘ရသာရုံ’ တို့ကို သည်းမခံနိုင်။
အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းမခံနိုင်။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ် အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
အဆင်း ‘ရူပါရုံ’ တို့ကို သည်းခံနိုင်၏။
အသံ ‘သဒ္ဒါရုံ’ တို့ကို သည်းခံနိုင်၏။
အနံ့ ‘ဂန္ဓာရုံ’ တို့ကို သည်းခံနိုင်၏။
အရသာ ‘ရသာရုံ’ တို့ကို သည်းခံနိုင်၏။
အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တို့ကို သည်းခံနိုင်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။