အင်္ဂုတ္တရနိကာယ်

၂-သာရဏီယဝဂ်

၄-ဘဒ္ဒကသုတ်

၁၄။ ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏၊ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ —

ငါ့သျှင်တို့ အကြင်အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသောသေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်၊ ထိုထိုသော အခြင်းအရာအားဖြင့် ရဟန်းသည်နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းမဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှု၌ မွေ့လျော်၏၊ အမှု၌ ပျော်ပိုက်၏၊ အမှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏။ စကားပြောဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟောခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။ အိပ်ခြင်း၌ မွေ့လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏။ အပေါင်းအဖော်၌ မွေ့လျော်၏၊ အပေါင်းအဖော်၌ ပျော်ပိုက်၏၊ အပေါင်းအဖော်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော်၏၊ နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏၊ ချဲ့ထွင်မှု ‘ပပဥ ္စတရား’၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး ‘သက္ကာယ’၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကိုပြုသော ရဟန်းအား ကောင်းသောသေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏၊ ထိုထိုအခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကားပြောခြင်း၌ မမွေ့လျော်၊ စကား ပြောခြင်း၌ မပျော်ပိုက်၊ စကားပြောခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ အိပ်ခြင်း၌ မမွေ့လျော်၊ အိပ်ခြင်း၌ မပျော်ပိုက်၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ အပေါင်းအဖော်၌ မမွေ့လျော်၊ အပေါင်းအဖော်၌ မပျော်ပိုက်၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန်အားမထုတ်။ နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်၊ နှီးနှောမှု၌ မပျော်ပိုက်၊ နှီးနှောမှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားမထုတ်။ ချဲ့ထွင်မှု ‘ပပဉ္စတရား’၌ မမွေ့လျော်၊ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန်အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန်သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု ‘ပပဉ္စတရား’၌ အဖန်ဖန်အား ထုတ်သည်ဖြစ်၍ ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂလေးပါးကုန်ရာ အတုမရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု ‘ပပဉ္စတရား’ ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂလေးပါးကုန်ရာအတုမရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏။

စတုတ္ထသုတ်။