အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၃-ဒုတိယ အပရိဟာနသုတ်
၃၃။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ ့အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက်ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား ဤစကားကို လျှောက်၏ —
“အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
မြတ်စွာဘုရား၌ ရိုသေခြင်း။
တရား၌ ရိုသေခြင်း။
သံဃာ၌ ရိုသေခြင်း။
အကျင့် ‘သိက္ခာ’၌ ရိုသေခြင်း။
ရှက်မှု ‘ဟိရီ’၌ ရိုသေခြင်း။
ကြောက်လန့်မှု ‘သြတ္တပ္ပ’၌ ရိုသေခြင်း တို့ပါတည်း။
အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏”ဟု (လျှောက်၏)။
ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကိုရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်၏”ဟု (မိန့်တော်မူ၏)။
ဘုရား၌ ရိုသေခြင်းရှိသော၊ တရား၌ ရိုသေခြင်းရှိသော၊ သံဃာ၌လည်း ထက် သန်စွာရိုသေခြင်းရှိသော၊ အရှက်အကြောက်နှင့် ပြည့်စုံ၍ တုပ်ဝပ်ခြင်း ရိုသေခြင်း ရှိသော ရဟန်းသည်ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်၏ အနီး၌ သာလျှင် ဖြစ်၏။
တတိယသုတ်။