အင်္ဂုတ္တရနိကာယ်
၅-ဓမ္မိကဝဂ်
၁ဝ-ခတ္တိယသုတ်
၅၂။ ထိုအခါ ဇာဏေုဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား—
အသျှင်ဂေါတမ မင်းတို့သည် အဘယ်ကို အလိုရှိကုန်သနည်း၊ အဘယ်အလို့ငှါ လေ့လာကုန် သနည်း၊ အဘယ်လျှင် တည်ရာရှိကုန်သနည်း၊ အဘယ်ကို နှလုံးသွင်းကုန်သနည်း၊ အဘယ်လျှင် အဆုံးရှိကုန်သနည်းဟု လျှောက်၏။
ပုဏ္ဏား မင်းတို့သည် စည်းစိမ်ကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ ဗိုလ်ပါ အပေါင်း လျှင်တည်ရာရှိကုန်၏၊ ရေမြေကို အစိုးရခြင်းကို နှလုံးသွင်းကုန်၏၊ အစိုးရခြင်းလျှင်အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ပုဏ္ဏားတို့သည်ကား အဘယ်ကို အလိုရှိကုန်သနည်း၊ အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင် တည်ရာရှိကုန်သနည်း၊ အဘယ်ကို နှလုံးသွင်းကုန်သနည်း၊ အဘယ်လျှင် အဆုံးရှိကုန်သနည်းဟု (လျှောက်၏)။
ပုဏ္ဏား ပုဏ္ဏားတို့သည်ကား စည်းစိမ်ကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ မန္တာန် လျှင်တည်ရာရှိကုန်၏၊ ယဇ်ပူဇော်ခြင်းကို နှလုံးသွင်းကုန်၏၊ ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင် အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ သူကြွယ်တို့သည်ကား အဘယ်ကို အလိုရှိကုန်သနည်း၊ အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင် တည်ရာရှိကုန်သနည်း၊ အဘယ်ကို နှလုံးသွင်းကုန်သနည်း၊ အဘယ်လျှင်အဆုံးရှိကုန်သနည်းဟု (လျှောက်၏)။
ပုဏ္ဏား သူကြွယ်တို့သည်ကား စည်းစိမ်ဥစ္စာကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ အတတ်ပညာလျှင် တည်ရာရှိကုန်၏၊ အလုပ်ကိစ္စကို နှလုံးသွင်းကုန်၏၊ ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင်အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ မိန်းမတို့သည်ကား အဘယ်ကို အလိုရှိကုန်သနည်း၊ အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင် တည်ရာရှိကုန်သနည်း၊ အဘယ်ကို နှလုံးသွင်းကုန်သနည်း၊ အဘယ်လျှင်အဆုံးရှိကုန်သနည်းဟု (လျှောက်၏)။
ပုဏ္ဏား မိန်းမတို့သည်ကား ယောကျာ်းကို အလိုရှိကုန်၏၊ တန်ဆာဆင်ခြင်းငှါ လေ့လာကုန်၏၊ သားလျှင် တည်ရာရှိကုန်၏၊ လင်တူမယားမရှိမူကို နှလုံးသွင်းကုန်၏၊ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ခိုးသူတို့သည်ကား အဘယ်ကို အလိုရှိကုန်သနည်း၊ အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင် တည်ရာရှိကုန်သနည်း၊ အဘယ်ကို နှလုံးသွင်းကုန်သနည်း၊ အဘယ်လျှင်အဆုံးရှိကုန် သနည်းဟု (လျှောက်၏)။
ပုဏ္ဏား ခိုးသူတို့သည်ကား (သူတစ်ပါးဥစ္စာပစ္စည်းကို) ယူခြင်းကို အလိုရှိကုန်၏၊ ပုန်းအောင်းရန်အလို့ငှါ လေ့လာကုန်၏၊ လက်နက်လျှင် တည်ရာရှိကုန်၏၊ အမိုက်မှောင်ကို နှလုံးသွင်းကုန်၏၊ (ဥစ္စာရှင်တို့) မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ ရဟန်းတို့သည်ကား အဘယ်ကို အလိုရှိကုန်သနည်း၊ အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင် တည်ရာရှိကုန်သနည်း၊ အဘယ်ကို နှလုံးသွင်းကုန်သနည်း၊ အဘယ်လျှင် အဆုံးရှိကုန်သနည်းဟု (လျှောက်၏)။
ပုဏ္ဏား ရဟန်းတို့သည်ကား သည်းခံမှု သီလစင်ကြယ်မှုကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာ့ကုန်၏၊ သီလလျှင် တည်ရာရှိကုန်၏၊ ကြောင့်ကြမရှိမှုူကို နှလုံးသွင်းကုန်၏၊ နိဗ္ဗာန်လျှင်အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။
အသျှင်ဂေါတမ အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည်—
မင်းတို့၏ အလိုကိုလည်းကောင်း၊ လေ့လာရာကိုလည်းကောင်း၊ တည်ရာကိုလည်းကောင်း၊ နှလုံးသွင်းကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း သိတော်မူပါပေ၏။
အသျှင်ဂေါတမသည် ပုဏ္ဏားတို့၏လည်း။ပ။
အသျှင်ဂေါတမသည် သူကြွယ်တို့၏လည်း။ပ။
အသျှင်ဂေါတမသည် မိန်းမတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ခိုးသူတို့၏လည်း။ပ။
အသျှင်ဂေါတမသည် ရဟန်းတို့၏လည်း အလိုကိုလည်းကောင်း၊ လေ့လာရာကိုလည်းကောင်း၊ တည်ရာကိုလည်းကောင်း၊ နှလုံးသွင်းကိုလည်းကောင်၊ အဆုံးကိုလည်းကောင်း သိတော်မူပါပေ၏။
အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ် ကိုယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သူ ‘ဥပါသကာ’ဟူ၍မှတ်တော်မူပါဟု (လျှောက်၏)။
ဒသမသုတ်။