အင်္ဂုတ္တရနိကာယ်

၃-ဝဇ္ဇိသတ္တကဝဂ်

၆-ဗောဇ္ဈင်္ဂသုတ်

၂၆။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ် ယုတ်ကြောင်းအပရိဟာနိယတရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ—

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်း အောက်မေ့မှု ‘သတိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်း ပညာ ‘ဓမ္မဝိစယသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း အားထုတ်မှု ‘ဝီရိယသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း နှစ်သိမ့်မှု ‘ပီတိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း ငြိမ်းအေးမှု ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း တည်ကြည်မှု ‘သမာဓိသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်း လျစ်လျူရှုမှု ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ကို ပွါးများနေကြ သမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း ‘အပရိဟာနိယ’ တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။