အင်္ဂုတ္တရနိကာယ်
၄-ဒေဝတာဝဂ်
၅-ပဌမ မိတ္တသုတ်
၃၆။ ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏၊
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
(သူတစ်ပါးတို့) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏၊ ပြုနိုင်ခဲသော အမှုကို ပြု၏၊ သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊ မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထိုအဆွေခင်ပွန်းအား ထင်စွာပြု၏၊ ထိုအဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်၏၊ ဘေးရန်တို့ကြောင့် မစွန့်ပစ်၊ ပစ္စည်းဥစ္စာကုန်ခြင်းကြောင့် မထီမဲ့မြင် မပြု။
ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ဟု (မိန့်တော်မူ၏)။
အဆွေခင်ပွန်းသည် ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏၊ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏၊ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သော စကား တို့ကိုလည်းကောင်း၊ သည်းခံနိုင်ခဲသောအရာတို့ကိုလည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏၊ ထိုသူ၏ လျှို့ဝှက်အပ်သောအရာကိုလည်း လျှို့ဝှက်၏၊ ဘေးရန်ဖြစ်ပေါ်သော အခါတို့၌လည်း မစွန့်ပစ်၊ ပစ္စည်းဥစ္စာကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ အကြင်ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အဆွေ ခင်ပွန်းဖြစ်သော သူကိုအဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဆည်းကပ်အပ်၏။
ပဉ္စမသုတ်။