အင်္ဂုတ္တရနိကာယ်
၈-ဝိနယဝဂ်
၂-ဒုတိယ ဝိနယဓရသုတ်
၇၆။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဝိနည်းဓိုရ်ဖြစ်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
အာပတ်ကို သိ၏၊ အာပတ်မဟုတ်သည်ကို သိ၏၊ လဟုကအာပတ်ကို သိ၏၊ ဂရုကအာပတ်ကို သိ၏၊ ထိုရဟန်းအား ပါတိမောက်နှစ်မျိုးတို့သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာကုန်၏၊ ကောင်းစွာဝေဖန်အပ်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိကုန်၏၊ ဝိဘင်းအားဖြင့်လည်းကောင်း၊ ခန္ဓကအားဖြင့်လည်းကောင်း ကောင်းစွာ ဆုံးဖြတ်အပ်ကုန်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်းဘဲ ရ၏၊ အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဝိနည်းဓိုရ်ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။