အင်္ဂုတ္တရနိကာယ်
၉-သမဏဝဂ်
၁-ဘိက္ခုသုတ်
၈၅။ ရဟန်းတို့ တရားခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီးဖြစ်သောကြောင့် ရဟန်းမည်၏။
အဘယ်ခုနစ်မျိုးတို့နည်းဟူမူ —
ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
စွဲမက်မှု ‘ရာဂ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
အမျက်ထွက်မှု ‘ဒေါသ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
တွေဝေမှု ‘မောဟ’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
ထောင်လွှားမှု ‘မာန’ ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
ရဟန်းတို့ ဤတရားခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီးဖြစ်သောကြောင့် ရဟန်းမည်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။