အင်္ဂုတ္တရနိကာယ်

၂-မဟာဝဂ်

၇-ပဌမ ဗန္ဓနသုတ်

၁၇။ ရဟန်းတို့ အခြင်းအရာ ရှစ်မျိုးတို့ဖြင့် မိန်းမသည် ယောကျာ်းကို နှောင်ဖွဲ့၏။ အဘယ် ရှစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ မိန်းမသည် ငိုကြွေးခြင်းဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် ပြုံးရယ်ခြင်းဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် စကားပြောခြင်းဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အသွင်အပြင် အမူအရာဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် တောမှ ချိုးယူအပ်သော ပန်း သစ်သီး စသည်ဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အနံ့ဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အရသာဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အတွေ့ဖြင့် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ ဤအခြင်းအရာရှစ်မျိုးတို့ဖြင့် မိန်းမသည် ယောကျာ်းကို နှောင်ဖွဲ့၏၊ ရဟန်းတို့ ဖဿတည်းဟူသော အတွေ့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော ထိုသတ္တဝါတို့သည် မြဲမြံ ခိုင်ခံ့စွာ နှောင်ဖွဲ့အပ်သည်သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။