အင်္ဂုတ္တရနိကာယ်
(၆) ၁-ဂေါတမီဝဂ်
၉-ပဌမ ပုဂ္ဂလသုတ်
၅၉။ ရဟန်းတို့ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူကို ခံထိုက်ကုန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော အလှူကိုသော်လည်း ခံထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ — သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ‘သောတာပတ္တိမဂ်’ ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ‘သကဒါဂါမိမဂ်’ ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သော ‘အနာဂါမိမဂ်’ ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ‘အရဟတ္တမဂ်’ ပုဂ္ဂိုလ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ရှစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူကို ခံထိုက်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
ကျင့်ဆဲ ပုဂ္ဂိုလ်လေးယောက် ဖိုလ်၌တည်သော ပုဂ္ဂိုလ်လေးယောက်တို့ ရှိကုန်၏၊ ဖြောင့်မတ်စွာ ဖြစ်၍ ဖြစ်သော ဤရှစ်ယောက်သော အရိယာသံဃာတော်သည် ပညာ, သီလနှင့် ပြည့်စုံ၏။ ပေးလှူပူဇော်ကုန်သော ကောင်းမှုကို ရှာကုန်သော လူဖြစ်ကုန်သော သတ္တဝါတို့၏ ဥပဓိအကျိုးရှိသော ကောင်းမှုကို ပြုလေလော့၊ ဤရှစ်ယောက်သော အရိယာ သံဃာ၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏။
နဝမသုတ်။