ဣတိဝုတ်ပါဠိတော်
၁-မိစ္ဆာဒိဋ္ဌိကသုတ်
၇ဝ။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-
ရဟန်းတို့ ငါဘုရားသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်းငါဘုရား မြင်တော်မူ၏။
ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော်လည်းကောင်း၊ ဗြာဟ္မဏထံမှသော်လည်းကောင်း ကြား၍ ဟောသည် မဟုတ်ပေ၊ ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက်မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့်တည်ဆောက်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏။ ရဟန်းတို့ စင်စစ်သော်ကားကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''ဤလောက၌ အကြားအမြင်နည်းသော ပုဂ္ဂိုလ်သည် ဤလူ့ပြည် ဝယ် အသက်တိုသည် ဖြစ်ပါလျက်ကိုယ်ဖြင့်မှားသော အမှုတို့ကို ပြု၍မှားသော စကားကိုလည်း ပြောဆို၍မှားသော စိတ်ကိုလည်းဆောက်တည်၍ မကောင်းမှုတို့ကို ပြု၏။ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။
ပဌမသုတ်။