သံယုတ္တနိကာယ်—၁၂

၁—သမဏဗြာဟ္မဏဝဂ်

၅—ပထဝီသုတ်

၇၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မြေကြီးပေါ်၌ ဆီးစေ့မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့ကို ချထားရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ် သို့ မှတ်ထင်ကုန်သနည်း၊ တစ်နေရာ၌ ချထားအပ်သော ဆီးစေ့မျှလောက်သော မြေစိုင်ခဲ ခုနစ်ခုတို့နှင့် မဟာပထဝီမြေကြီးသည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မဟာပထဝီမြေကြီးသည်သာလျှင် များလှပါ၏၊ တစ်နေရာ၌ ချထားအပ်သော ဆီးစေ့ မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့သည် နည်းပါးလှကုန်၏၊ တစ်နေရာ၌ ချထားအပ်သော ဆီးစေ့မျှ လောက်သော မြေစိုင်ခဲခုနစ်ခုတို့သည် (မဟာပထဝီ) မြေကြီးကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခု ကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။