သံယုတ္တနိကာယ်—၁၂
၁—သမဏဗြာဟ္မဏဝဂ်
၉—ပဗ္ဗတသုတ်
၈၂။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဥပမာသော်ကား ယောကျာ်းသည် မုန်ညင်းစေ့မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့ကို ဟိမဝန္တာတောင်မင်း၏ အနီး၌ ချထားရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အနီး၌ ချထားအပ်သော မုန်ညင်းစေ့မျှလောက် သော ကျောက်စရစ်ခဲ ခုနစ်ခုတို့နှင့် ဟိမဝန္တာတောင်မင်းသည် အဘယ်က ပို၍ များသနည်းဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ဟိမဝန္တာတောင်မင်းသည်သာလျှင် များလှပါ၏၊ အနီး၌ ချထားအပ်သော မုန်ညင်းစေ့ မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည် နည်းလှပါကုန်၏။ အနီး၌ ချထားအပ်သော မုန်ညင်းစေ့ မျှလောက်သော ကျောက်စရစ်ခဲ ခုနစ်ခုတို့သည် ဟိမဝန္တာတောင်မင်းကို ထောက်ထားလျှင် အစိတ်တစ်ရာ စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ပါကုန်။ ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိ မဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။