သံယုတ္တနိကာယ်—၁၂

၃—ဒသဗလဝဂ်

၁ဝ—ဒုတိယ သမဏဗြာဟ္မဏသုတ်

၃ဝ။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌။ပ။ ရဟန်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို မသိကုန်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာကို မသိကုန်၊ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်၊ ထိုသမဏဗြာဟ္မဏတို့သည် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ကို လွန်၍ တည်ကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိ။ ပဋိသန္ဓေနေမှု ‘ဇာတိ’ကို မသိကုန်။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို။ တပ်မက်မှု ‘တဏှာ’ကို။ ခံစားမှု ‘ဝေဒနာ’ကို။ တွေ့ထိမှု ‘ဖဿ’ကို။ တည်ရာ ‘အာယတန’ ခြောက်ပါး (သဠာယတန) ကို။ နာမ်ရုပ်ကို။ သိမှု ‘ဝိညာဏ်’ကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို မသိကုန်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ဖြစ်ကြောင်းကို မသိကုန်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ် ရာကို မသိကုန်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်၊ ထိုသမဏ ဗြာဟ္မဏတို့သည် ပြုစီရင်မှု ‘သင်္ခါရ’တို့ကို လွန်၍ တည်ကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် မရှိနိုင်ဟု ဟောတော်မူ၏။

ရဟန်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် ဇရာမရဏကို သိကုန်၏၊ ဇရာမရဏ၏ ဖြစ်ပေါ် ကြောင်းကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာကို သိကုန်၏၊ ဇရာမရဏ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်းအကျင့်ကို သိကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဇရာမရဏကို လွန်၍ တည်ကုန်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

ဇာတိကို သိကုန်၏။ပ။ ဘဝကို။ ဥပါဒါန်ကို။ တဏှာကို။ ဝေဒနာကို။ ဖဿကို။ သဠာယတနကို။ နာမ်ရုပ်ကို။ ဝိညာဏ်ကို။ သင်္ခါရတို့ကို သိကုန်၏၊ သင်္ခါရတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ သင်္ခါရ့တို့၏ ချုပ်ရာကို သိကုန်၏၊ သင်္ခါရတို့၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် ပြုစီရင်မှု ‘သင်္ခါရ’တို့ကို လွန်၍ တည်လတ္တံ့ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏ဟု (ဟောတော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် ဒသဗလဝဂ် ပြီး၏။