သံယုတ္တနိကာယ်—၁၄

၁—နာနတ္တဝဂ်

၂—ဖဿနာနတ္တသုတ်

၈၆။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်၏၊ ရဟန်းတို့ ဓာတ်အမျိုးမျိုးဟူသည် အဘယ်နည်း။ စက္ခုဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဇိဝှါဓာတ်၊ ကာယဓာတ်၊ မနောဓာတ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဓာတ်အမျိုးမျိုးဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်သနည်း။ ရဟန်းတို့ စက္ခုဓာတ်ကို စွဲ၍ စက္ခုသမ္ဖဿ ဖြစ်၏၊ သောတဓာတ်ကို စွဲ၍၊ ဃာနဓာတ်ကို စွဲ၍၊ ဇိဝှါဓာတ်ကို စွဲ၍၊ ကာယဓာတ်ကို စွဲ၍၊ မနောဓာတ်ကို စွဲ၍ မနောသမ္ဖဿ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။