သံယုတ္တနိကာယ်—၁၄

၁—နာနတ္တဝဂ်

၇—သညာနာနတ္တသုတ်

၉၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးကို စွဲ၍ သညာ အမျိုးမျိုး ဖြစ်၏၊ သညာအမျိုးမျိုးကို စွဲ၍ ကြံစည်မှု ‘သင်္ကပ္ပ’အမျိုးမျိုး ဖြစ်၏၊ ကြံစည်မှု ‘သင်္ကပ္ပ’ အမျိုးမျိုးကို စွဲ၍ အလို ‘ဆန္ဒ’အမျိုးမျိုး ဖြစ်၏၊ အလို ‘ဆန္ဒ’အမျိုးမျိုးကို စွဲ၍ ပူပန်မှု ‘ပရိဠာဟ’အမျိုးမျိုး ဖြစ်၏၊ ပူပန်မှု ‘ပရိဠာဟ’အမျိုးမျိုးကို စွဲ၍ ရှာမှီးမှု ‘ပရိယေသန’အမျိုးမျိုး ဖြစ်၏။ ရဟန်းတို့ ဓာတ် အမျိုးမျိုးဟူသည် အဘယ်နည်း၊ ရူပဓာတ်။ပ။ ဓမ္မဓာတ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဓာတ့်အမျိုးမျိုးဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး ဖြစ်သနည်း၊ သညာ အမျိုးမျိုးကို စွဲ၍ ကြံစည်မှု ‘သင်္ကပ္ပ’အမျိုးမျိုး ဖြစ်သနည်း၊ ကြံစည်မှု ‘သင်္ကပ္ပ’အမျိုးမျိုးကို စွဲ၍ အလို ‘ဆန္ဒ’အမျိုးမျိုး ဖြစ်သနည်း၊ အလို ‘ဆန္ဒ’အမျိုးမျိုးကို စွဲ၍ ပူပန်မှု ‘ပရိဠာဟ’အမျိုးမျိုး ဖြစ်သနည်း၊ ပူပန်မှု ‘ပရိဠာဟ’အမျိုးမျိုးကို စွဲ၍ ရှာမှီးမှု ‘ပရိယေသန’အမျိုးမျိုး ဖြစ်သနည်း။

ရဟန်းတို့ ရူပဓာတ်ကို စွဲ၍ ရူပသညာ ဖြစ်၏၊ ရူပသညာကို စွဲ၍ ရုပ်၌ ဖြစ်သော ကြံစည်မှု ‘ရူပသင်္ကပ္ပ’ ဖြစ်၏၊ ရူပသင်္ကပ္ပကို စွဲ၍ ရုပ်၌ ဖြစ်သော အလို ‘ရူပဆန္ဒ’ ဖြစ်၏၊ ရူပဆန္ဒကို စွဲ၍ ရုပ်၌ ဖြစ်သော ပူပန်မှု ‘ရူပပရိဠာဟ’ ဖြစ်၏၊ ရူပပရိဠာဟကို စွဲ၍ ရုပ်၌ ဖြစ်သော ရှာမှီးမှု ‘ရူပပရိယေသန’ ဖြစ်၏။ပ။ ဓမ္မဓာတ်ကို စွဲ၍ ဓမ္မသညာ ဖြစ်၏၊ ဓမ္မသညာကို စွဲ၍ ဓမ္မသင်္ကပ္ပ ဖြစ်၏၊ ဓမ္မသင်္ကပ္ပကို စွဲ၍ ဓမ္မစ္ဆန္ဒ ဖြစ်၏၊ ဓမ္မစ္ဆန္ဒကို စွဲ၍ ဓမ္မပရိဠာဟ ဖြစ်၏၊ ဓမ္မပရိဠာဟကို စွဲ၍ ဓမ္မပရိယေသန ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ သညာအမျိုးမျိုး ဖြစ်၏၊ သညာအမျိုးမျိုးကို စွဲ၍ သင်္ကပ္ပအမျိုးမျိုး ဖြစ်၏၊ သင်္ကပ္ပအမျိုးမျိုးကို စွဲ၍ အလိုဆန္ဒအမျိုးမျိုး ဖြစ်၏၊ အလိုဆန္ဒအမျိုးမျိုးကို စွဲ၍ ပရိဠာဟအမျိုးမျိုး ဖြစ်၏၊ ပရိဠာဟအမျိုးမျိုးကို စွဲ၍ ပရိယေသနအမျိုးမျိုး ဖြစ်၏ဟု (ဟောတော်မူ၏)။

သတ္တမသုတ်။