သံယုတ္တနိကာယ်—၂

၃—နာနာတိတ္ထိယဝဂ်

၆—ရောဟိတဿသုတ်

၁ဝ၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ရောဟိတဿနတ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့ရ၊ တစ်ဖန် မဖြစ်ရ။ အသျှင်ဘုရား ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိခြင်းငှါလည်းကောင်း၊ မြင်ခြင်းငှါလည်းကောင်း၊ ရောက်ခြင်းငှါလည်းကောင်း တတ်ကောင်းပါသလော”ဟု လျှောက်၏။ ရောဟိတဿနတ်သား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ။ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ သွားခြင်းဖြင့် ရောက်အပ်၏ဟူ၍ ငါဘုရားသည် ဟောတော်မမူဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် “ရောဟိတဿနတ်သား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ၊ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ် မြင်အပ် ရောက်အပ်၏ဟူ၍ ငါဘုရားသည် ဟောတော်မမူ”ဟု ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။

အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်ကား အကျွန်ုပ်သည် မုဆိုး၏ သားဖြစ်သော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတဿမည်သော ရသေ့ ဖြစ်ခဲ့ဖူးပါ၏၊ အသျှင်ဘုရား ထို့အကျွန်ုပ်၏ လျင်မြန်ပုံမှာ ဤသို့ သဘောရှိခဲ့ပါ၏— လေးအတတ်ကို သင်ကြားပြီး၍ လေးမြားအတတ်၌ လက်ကျင့်ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင် သော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ပေါ့ပါးသော မြားဖြင့် ခဲခဲယဉ်းယဉ်း မဟုတ်ဘဲ ဖီလာ ကန့်လန့် ထန်းပင်ရိပ်ကို လွန်စေနိုင်သကဲ့သို့ ထို့အတူ (တစ်ခုသော စကြာဝဠာကို လွန်စေနိုင်၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤသို့ သဘောရှိသော ခြေလှမ်းသည် ဖြစ်ခဲ့ပါ၏— အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာသည် ဝေးကွာသကဲ့သို့ ထို့အတူ ဝေးကွာသော ခြေလှမ်း ဖြစ်ခဲ့ပါသည်။ အသျှင်ဘုရား ထိုအကျွန်ုပ်အား “ငါသည် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်အံ့”ဟု ဤသို့ သဘောရှိသော အလို ဖြစ်ခဲ့၏။ အသျှင်ဘုရား စင်စစ် ဤသို့ သဘောရှိသော လျင်မြန်ခြင်းနှင့်လည်းကောင်း၊ ဤသို့ သဘောရှိ သော ခြေလှမ်းနှင့်လည်းကောင်း ပြည့်စုံသော ထိုအကျွန်ုပ်သည် စားခြင်း၊ သောက်ခြင်း၊ ခဲခြင်း၊ လျက်ခြင်း အချိန်ကို ဖယ်ထား၍ ကျင်ကြီးကျင်ငယ် စွန့်မှုကို ဖယ်ထား၍ အိပ်စက်မှု အပန်းဖြေနားနေမှုကို ဖယ်ထား ပြီးလျှင် အနှစ်တစ်ရာ အသက်ကြွင်းရှိသော အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် အနှစ်တစ်ရာ ပတ်လုံး သွား၍ လောက၏ အဆုံးသို့ မရောက်ဘဲ အကြား၌သာလျှင် သေရပါသည်။

အသျှင်ဘုရား အံ့ဖွယ် ရှိပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် “အချင်းနတ်သား အကြင်လောက၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ၊ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ ဟူ၍ ငါဘုရားသည် ဟောတော်မမူ”ဟု ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။

အချင်းရောဟိတဿနတ်သား လောက၏ အဆုံး နိဗ္ဗာန်ကို မရောက်ဘဲ ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါ ဟောတော်မမူ၊ အချင်းနတ်သား စင်စစ်အားဖြင့် သညာလည်းရှိ, စိတ်လည်းရှိသော တစ်လံမျှ လောက်သော ဤခန္ဓာကိုယ်၌ လောက (ဒုက္ခသစ္စာ) ကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်း (သမုဒယ သစ္စာ) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ နိဗ္ဗာန် (နိရောဓသစ္စာ) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ) ကိုလည်းကောင်း ငါ ပညတ်တော်မူ၏။

လောက၏ အဆုံး (နိဗ္ဗာန်) သို့ ခြေဖြင့် သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက် နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဆင်းရဲမှ လွတ်မြောက်ခြင်း မည် သည်လည်း မရှိ။

ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော လောက၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်ပြီးသော ကျင့်သုံးပြီးသော အကျင့်မြတ်ရှိသော မကောင်းမှုမှ ငြိမ်းပြီးသော ပညာရှိသည် လောက၏ အဆုံးကို သိ၍ ဤ (ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ချေဟု (မိန့်တော်မူ၏)။