သံယုတ္တနိကာယ်—၂၂
(၁၁) ၁—အန္တဝဂ်
၈—အရဟန္တသုတ်
၁၁ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဥပါဒါနက္ခန္ဓာတို့သည် ငါးမျိုးတို့တည်း၊ အဘယ်ငါးမျိုးတို့နည်းဟူမူ— ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။ ရဟန်းတို့ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ကွယ်ပျောက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိပြီးလျှင် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်မြောက်သောကြောင့် ဤရဟန်းကို အာသဝေါ ကုန်ပြီးသူ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ၊ ပြုဖွယ်ကိစ္စကို ပြုပြီးသူ၊ ခန္ဓာဝန်ကို ချပြီးသူ၊ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ၊ ဘဝသံယောဇဉ် ကုန်ပြီးသူ၊ ကောင်းစွာ သိ၍ လွတ်မြောက်သူ ရဟန္တာဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။