သံယုတ္တနိကာယ်—၂၂

(၁၅) ၅—ဒိဋ္ဌိဝဂ်

၉—ဒုတိယ အဘိနိဝေသသုတ်

၁၅၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရား ကိုအမှားနှလုံးသွင်း၍ နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်းကြောင်း ပိတ်ပင်တားမြစ်ကြောင်း တရားတို့ဖြစ်ပေါ်ကုန်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်းကြောင်း ပိတ်ပင်တားမြစ်ကြောင်း တရားတို့ ဖြစ်ပေါ်ကုန်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ နှောင်ဖွဲ့ကြောင်းအမှားနှလုံးသွင်းကြောင်း ပိတ်ပင်တားမြစ်ကြောင်း တရားတို့ ဖြစ်ကုန်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော။ပ။ ထိုဝိညာဏ်ကို အစွဲမပြုလျှင် နှောင်ဖွဲ့ကြောင်း အမှားနှလုံးသွင်းကြောင်းပိတ်ပင် တားမြစ်ကြောင်းတရားတို့ ဖြစ်ပေါ်နိုင်ကုန်သလော။ မဖြစ်ပေါ်နိုင်ကုန်ပါ အသျှင်ဘုရား။ပ။ ဤသို့မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။