သံယုတ္တနိကာယ်—၂၂
၃—ဘာရဝဂ်
၂—ပရိညသုတ်
၂၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပိုင်းခြားသိသင့်သော တရားတို့ကိုလည်းကောင်း၊ ပိုင်းခြားသိမှုကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ ပိုင်းခြားသိသင့်သော တရားတို့ဟူသည် အဘယ်တို့နည်း။ ရဟန်းတို့ ရုပ်သည်ပိုင်းခြားသိသင့်သော တရားတည်း၊ ဝေဒနာသည် ပိုင်းခြားသိသင့်သော တရားတည်း၊ သညာသည်ပိုင်းခြားသိသင့်သော တရားတည်း၊ သင်္ခါရတို့သည် ပိုင်းခြားသိသင့်သော တရားတို့တည်း၊ ဝိညာဏ်သည်ပိုင်းခြားသိသင့်သော တရားတည်း။ ရဟန်းတို့ ဤသည်တို့ကို ပိုင်းခြားသိသင့်သော တရားတို့ဟူ၍ ဆိုရ၏။
ရဟန်းတို့ ပိုင်းခြားသိမှုဟူသည် အဘယ်နည်း။ ရဟန်းတို့ စွဲမက်မှု”ရာဂ”၏ ကုန်ခြင်း၊ အမျက်ထွက်မှု”ဒေါသ”၏ ကုန်ခြင်း၊ တွေဝေမှု”မောဟ”၏ ကုန်ခြင်းပေတည်း။ ရဟန်းတို့ ဤသည်ကို ပိုင်းခြားသိမှုဟု ဆိုရ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။