သံယုတ္တနိကာယ်—၂၂

(၆) ၁—ဥပယဝဂ်

၂—ဗီဇသုတ်

၅၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျိုးစေ့တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ—အမြစ်မျိုးစေ့၊ ပင်စည်မျိုးစေ့၊ အညွန့်မျိုးစေ့၊ အဆစ်မျိုးစေ့၊ ငါးခုမြောက် အစေ့မျိုးစေ့တည်း။ ရဟန်းတို့ ဤမျိုးစေ့ငါးမျိုးတို့သည် မကျိုးကုန် မပုပ်ဆွေးကုန် လေပူနေပူ အညှဉ်းမခံရကုန် အနှစ်ရှိကုန်ကောင်းစွာ ထားအပ်ကုန်၏။ သို့သော်လည်း မြေသည်လည်းကောင်း၊ ရေသည်လည်းကောင်း မရှိခဲ့ရာ။ ဤမျိုးစေ့ငါးမျိုးတို့သည် ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာအံ့လော။ မရောက်နိုင်ပါ အသျှင်ဘုရား။ ရဟန်းတို့ မျိုးစေ့ငါးမျိုးတို့သည် မကျိုးကုန်။ပ။ ကောင်းစွာ ထားအပ်ကုန်၏။ မြေသည်လည်း့ကောင်း၊ ရေသည်လည်းကောင်း ရှိခဲ့ရာ၏။ ရဟန်းတို့ ဤမျိုးစေ့ငါးမျိုးတို့သည် ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာအံ့လော။ ရောက်နိုင်ပါသည် အသျှင်ဘုရား။ ရဟန်းတို့ မြေဓာတ်ကဲ့သို့ ဤအတူဝိညာဏ်၏ တည်ရာလေးမျိုးတို့ကို မှတ်အပ်ကုန်၏။ ရဟန်းတို့ ရေဓာတ်ကဲ့သို့ ဤအတူ နှစ်သက်စွဲမက်မှု ‘နန္ဒီရာဂ’ ကို မှတ်အပ်၏။ ရဟန်းတို့ မျိုးစေ့ငါးမျိုးတို့ကဲ့သို့ ဤအတူ အကြောင်းနှင့် တကွသောဝိညာဏ်ကို မှတ်အပ်၏။

ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ရုပ်သို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ ရုပ်လျှင် အာရုံ ရှိသောရုပ်လျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့် သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် ဝေဒနာသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏။ပ။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သညာသို့ ကပ်ရောက်၍ မူလည်းတည်ရာ၏။ပ။ ရဟန်းတို့ ဝိညာဏ်တည်သည်ရှိသော် သင်္ခါရသို့ ကပ်ရောက်၍ မူလည်း တည်ရာ၏၊ သင်္ခါရ လျှင် အာရုံရှိသော သင်္ခါရလျှင် တည်ရာရှိသော ဝိညာဏ်သည် နှစ်သက်မှု ‘တဏှာ’ ဖြင့်သွန်းလောင်းအပ်သည်ဖြစ်၍ ကြီးပွါး စည်ပင် ပြန့်ပြောခြင်းသို့ ရောက်ရာ၏။

ရဟန်းတို့ တစ်ဦးတစ်ယောက်က “ငါသည် ရုပ်ကို ဖယ်ထား၍ ဝေဒနာကို ဖယ်ထား၍ သညာကိုဖယ်ထား၍ သင်္ခါရတို့ကို ဖယ်ထား၍ ဝိညာဏ်၏ လာခြင်း သွားခြင်း သေခြင်း ဖြစ်ခြင်း ကြီးပွါးခြင်းစည်ပင်ခြင်း ပြန့်ပြောခြင်းကို ပညတ်အံ့”ဟု ဆိုရာ၏၊ ဤအကြောင်းမျိုးသည် မရှိနိုင်။ ရဟန်းတို့ရဟန်းသည် ရုပ်ဓာတ်၌ စွဲမက်မှုကို အကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့်အာရုံသည် ပြတ်၏၊ ဝိညာဏ်၏ တည်ရာသည် မဖြစ်နိုင်။ ဝေဒနာဓာတ်၌ အကယ်၍ ။ သညာဓာတ်၌ အကယ်၍ ။ သင်္ခါရဓာတ်တို့၌ အကယ်၍ ။ ရဟန်းတို့ ရဟန်းသည် ဝိညာဏဓာတ်၌ စွဲမက်မှုကိုအကယ်၍ ပယ်အပ်သည် ဖြစ်ငြားအံ့၊ စွဲမက်မှုကို ပယ်ခြင်းကြောင့် အာရုံသည် ပြတ်၏၊ ဝိညာဏ်၏တည်ရာသည် မဖြစ်နိုင်၊ တည်ရာမရှိသော ထိုဝိညာဏ်သည် စည်ပင်မှု ကင်းလျက် ပြုပြင်မှု ကင်းလျက်ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်ခြင်းကြောင့် တည်တံ့၏၊ တည်တံ့ခြင်းကြောင့်ရောင့်ရဲ၏၊ ရောင့်ရဲခြင်းကြောင့် မတောင့်တ၊ မတောင့်တသည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေး၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။