သံယုတ္တနိကာယ်—၂၂
(၇) ၂—အရဟန္တဝဂ်
၇—အနတ္တနိယသုတ်
၆၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည်တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါလော့။ပ။ နေလိုပါ၏ “ဟု လျှောက်၏။ ရဟန်းအကြင်သဘောတရားသည်ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ ထိုကိုယ်ပိုင်ဥစ္စာ မဟုတ်သော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟု (လျှောက်၏)။
ရဟန်း ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ်သော အနက်ကို သင် အဘယ်သို့ သိသနည်းဟု မိန့်တော်မူ၏။ အသျှင်ဘုရား ရုပ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်ပါ၊ တပည့်တော်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်ပါ။ တပည့်တော်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်သော ထိုဝိညာဏ်၌ လိုချင်မှုကိုပယ်ရမည်။ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား အကျဉ်းဟောအပ်သော ဤစကား၏အကျယ် ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟု (လျှောက်၏)။
ရဟန်း ကောင်းပေစွ ကောင်းပေစွ၊ သင်သည် ငါ အကျဉ်းဟောအပ်သော စကား၏ အကျယ်ဖြစ် သောအနက်ကို ကောင်းစွာ သိပေ၏။ ရဟန်း ရုပ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ သင်သည် ထိုကိုယ်ပိုင် ဥစ္စာမဟုတ်သော ရုပ်၌ လိုချင်မှုကို ပယ်ရမည်။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ သင်သည် ထိုကိုယ်ပိုင်ဥစ္စာ မဟုတ်သော ဝိညာဏ်၌ လိုချင်မှုကို ပယ်ရမည်။ ရဟန်း ငါ အကျဉ်းဟောအပ်သော ဤစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့ မှတ်ရမည်။ပ။ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
သတ္တမသုတ်။