သံယုတ္တနိကာယ်—၃
၁—ပဌမဝဂ်
၈—မလ္လိကာသုတ်
၁၁၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားနှင့် အတူ မြတ်သော ပြာသာဒ်ထက်၌ နေ၏၊ ထိုအခါ ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား “မလ္လိကာ သင့်အား မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူသည် ရှိသလော”ဟု ဤစကားကို ပြောဆို၏၊ မင်းကြီး အကျွန်ုပ်အား မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူသည် မရှိပါ၊ မင်းကြီး သင့်အားမူ မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူသည် ရှိပါသေးသ လောဟု (မေးမြန်း၏)၊ မလ္လိကာ ငါ့အားလည်း မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူ မရှိဟု (ပြောဆို၏)။
ထို့နောက် ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး လျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရား အကျွန်ုပ်သည် မလ္လိကာမိဖုရားနှင့် အတူ မြတ်သော ပြာသာဒ်ထက်၌ ထိုင်နေ လျက် မလ္လိကာမိဖုရားအား ‘မလ္လိကာ သင့်အား မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက် သော သူသည် ရှိသလော’ဟု ဤစကားကို ဆိုပါ၏၊ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် မလ္လိကာမိဖုရား သည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏— ‘မင်းကြီး အကျွန်ုပ်အား မိမိထက် ပို၍ ချစ်အပ်သော အခြား တစ်စုံတစ်ယောက်သော သူသည် မရှိပါ၊ မင်းကြီး သင့်အားမူ မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံ တစ်ယောက်သော သူသည် ရှိပါသေးသလော’၊ အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွန်ုပ်သည် မလ္လိကာမိဖုရားအား ‘မလ္လိကာ ငါ့အားလည်း မိမိထက် ပို၍ ချစ်အပ်သော အခြားတစ်စုံတစ်ယောက်သော သူ မရှိ’ဟု ဆိုပါ၏”ဟု လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထိုအချိန် ၌ ဤဂါထာကို ရွတ်ဆိုတော်မူ၏—
“အလုံးစုံသော အရပ်မျက်နှာတို့ကို စိတ်ဖြင့် အစဉ်လှည့်လည် ရှာဖွေ (သွားလာ) သော်လည်း တစ်စုံတစ်ခုသော အရပ်၌ မိမိထက် ပို၍ ချစ်အပ်သော သူကို မရနိုင်၊ ဤအတူပင် များစွာကုန်သော အခြားသူတို့သည်လည်း မိမိကိုယ်ကိုသာ ချစ်အပ်၏၊ ထို့ကြောင့် အကျိုးစီးပွားကို အလိုရှိသော သူသည် သူတစ်ပါးကို မညှဉ်းဆဲရာ”ဟု (မိန့်တော်မူ၏)။