သံယုတ္တနိကာယ်—၃ဝ
၁၇—၄၆—ဇလာဗုဇဒါနူပကာရသုတ်
၄ဝ၈—၄၃၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ထိုရဟန်းသည် မြတ်စွာဘုရား အား”အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဇလာဗုဇဂဠုန်တို့၏။ပ။ သံသေဒဇဂဠုန်တို့၏။ပ။ သြပပါတိကဂဠုန်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု ဤစကားကို လျှောက်၏။
ရဟန်း ဤလောက၌ အချို့သော သူသည်ကိုယ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ နှုတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ စိတ်ဖြင့် နှစ်မျိုးသော ကံကို ပြု၏၊ ထိုသူသည် “သြပပါတိကဂဠုန်တို့သည် အသက်ရှည်ကြ၏၊ အဆင်းလှကြ၏၊ ချမ်းသာများကြ၏”ဟု ကြားအပ်ဖူး၏၊ ထိုသူအား “ငါသည် ခန္ဓာကိုယ်ပျက် စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကဂဠုန်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရမူကောင်းလေစွ”ဟု ဤသို့ အကြံ ဖြစ်၏။ ထိုသူသည် ထမင်းကို ပေးလှူ၏။ပ။ အဖျော်ကို ပေးလှူ၏။ပ။ ဆီမီးကို ပေးလှူ၏။ပ။ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကဂဠုန်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရ၏။
ရဟန်း ဤလောက၌ အချို့သော သူ၏ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ သြပပါတိကဂဠုန်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (ဟောတော်မူ၏)။
ဆစတ္တာလီသမသုတ်။
[ ဤသို့ အပေါင်းအားဖြင့် လေးဆယ့်ခြောက်သုတ်တို့ ဖြစ်ကုန်၏။ ]
သုပဏ္ဏသံယုတ် ပြီး၏။