သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၁ဝ—ဝေရဟစ္စာနိသုတ်

၁၃၃။ အခါတစ်ပါး၌ အသျှင်ဥဒါယီသည် ကာမဏ္ဍမြို့ဝယ် တောဒေယျပုဏ္ဏား၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေရဟစ္စာနိအနွယ်ဖြစ်သော ပုဏ္ဏေးမ၏တပည့်လုလင်ငယ်သည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီနှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြောဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်ထိုလုလင်ငယ်ကို အသျှင်ဥဒါယီသည် တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက် တရားကိုဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။

ထိုအခါ ထိုလုလင်ငယ်သည် အသျှင်ဥဒါယီက တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာ ပြလျက်တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှ ထကာဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမထံသို့ ချဉ်းကပ်လျက် ဤစကားကို ပြောဆို၏— “အရှင်မ သိတော်မူပါလော့၊ ရဟန်းဥဒါယီသည် အစ၌ ကောင်းခြင်းရှိသော အလယ်၌ ကောင်းခြင်းရှိသော အဆုံး၌ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏”ဟု ဆို၏။ လုလင်ငယ် သို့ဖြစ်လျှင်သင်သည် ငါ၏ စကားဖြင့် ရဟန်းဥဒါယီကို နက်ဖြန်အလို့ငှါ ဆွမ်းဖြင့် ဖိတ်ချေလော့ဟု ဆို၏၊ “အရှင်မကောင်းပါပြီ”ဟု လုလင်ငယ်သည် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမအား ပြန်ကြားပြောဆိုပြီးလျှင် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီအား— “အသျှင်ဥဒါယီသည် အကျွန်ုပ်တို့၏ ဆရာကတော်ဖြစ်သောဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ နက်ဖြန်အလို့ငှါ ဖိတ်အပ်သော ဆွမ်းကို လက်ခံတော်မူပါ”ဟု (လျှောက့်ထား၏)။ အသျှင်ဥဒါယီသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် အသျှင်ဥဒါယီသည် ထိုညဉ့်လွန်သဖြင့် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကိုယူလျက် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် အသျှင်ဥဒါယီကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။ အသျှင်ဥဒါယီသည် ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသော အခါ ဝေရဟစ္စာနိအနွယ်ဖြစ်သော ပုဏ္ဏေးမသည် ခြေနင်းစီးလျက် နေရာမြင့်၌ ထိုင်ကာ ဦးခေါင်းကို ခြုံပြီးလျှင် “အသျှင်ရဟန်း တရားကို ရွတ်ဆိုတော်မူပါလော့”ဟု ဤစကားကို ပြောဆို၏။ “နှမ တရားဟောရန် အချိန်အခါသည် ဖြစ်လတ္တံ့”ဟု ဆို၍ နေရာမှ ထကာပြန်သွားလေ၏။

ဒုတိယအကြိမ်လည်း ထိုလုလင်ငယ်သည် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေ ပြီးသော် ထိုလုလင်ငယ်ကို အသျှင်ဥဒါယီသည် တရားစကားဖြင့် အကျိုးစီးပွားကို ကောင်းစွာပြလျက် တရားကို ဆောက်တည်စေကာ တရားကို ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။

ဒုတိယအကြိမ်လည်း ထိုလုလင်ငယ်သည် အသျှင်ဥဒါယီက တရားစကားဖြင့် အကျိုးစီးပွားကိုကောင်းစွာ ပြလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူပြီးသော် နေရာမှ ထကာ ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမထံသို့ ချဉ်းကပ်၍ ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမအား”အရှင်မ သိတော်မူပါလော့၊ ရဟန်းဥဒါယီသည် အစ၌ ကောင်းခြင်းရှိသော အလယ်၌ ကောင်းခြင်းရှိသော အဆုံး၌ ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကိုဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ်ကို ပြတော်မူ၏”ဟုပြောဆို၏။

လုလင်ငယ် သင်သည် ရဟန်းဥဒါယီ၏ ကျေးဇူးကို ဤသို့ ပြောဆို၏၊ ထိုရဟန်းဥဒါယီသည်ကား”ရဟန်း တရားကို ရွတ်ဆိုတော်မူပါလော့”ဟု ဆိုသော် ‘နှမ တရားဟောရန် အချိန်အခါသည် ဖြစ်လတ္တံ့”ဟု ဆို၍ နေရာမှ ထကာ ပြန်သွားလေ၏ဟု ဆို၏။ အရှင်မ သင်သည် ခြေနင်းကို စီးလျက် နေရာမြင့်၌ ထိုင်ကာ ဦးခေါင်းခြုံပြီးလျှင် “ရဟန်း တရားကို ရွတ်ဆိုတော်မူပါလော့”ဟု ဤသို့ ဆိုသောကြောင့်သာဖြစ်၏။ ထိုအသျှင်တို့သည် တရားကို လေးစားကုန်၏၊ တရားကို ရိုသေခြင်းရှိကုန်၏ဟု ဆို၏။

လုလင်ငယ် သို့ဖြစ်လျှင် သင်သည် ငါ၏ စကားဖြင့် ရဟန်းဥဒါယီကို နက်ဖြန်အလို့ငှါ ဆွမ်းဖြင့်ဖိတ်ချေဦးလော့ဟု ဆို၏၊ “အရှင်မ ကောင်းပါပြီ”ဟု ထိုလုလင်ငယ်သည် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမအား ပြောကြားပြီးလျှင် အသျှင်ဥဒါယီထံသို့ ချဉ်းကပ်၍ အသျှင်ဥဒါယီအား—“အသျှင်ဥဒါယီသည်အကျွန်ုပ် တို့၏ ဆရာကတော် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ နက်ဖြန်အလို့ငှါ ဖိတ်အပ်သော ဆွမ်းကိုလက်ခံ တော်မူပါလော့”ဟု လျှောက်ထား၏။ အသျှင်ဥဒါယီသည် ဆိတ်ဆိတ် နေခြင်းဖြင့်လက်ခံတော်မူ၏။

ထို့နောက် အသျှင်ဥဒါယီသည် ထိုညဉ့်လွန်သဖြင့် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်း ကိုယူလျက် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမ၏ အိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏။ ထိုအခါဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် အသျှင်ဥဒါယီကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ အသျှင်ဥဒါယီသည် ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် ခြေနင်းကို ချွတ်လျက်နေရာနိမ့်၌ ထိုင်ကာ ဦးခေါင်းဖွင့်ပြီးလျှင် “အသျှင်ဘုရား ရဟန္တာတို့သည် အဘယ်တရားရှိသော်ချမ်းသာဆင်းရဲကို ပညတ်ပါကုန်သနည်း၊ အဘယ်တရား မရှိသော် ချမ်းသာဆင်းရဲကို့မပညတ်ပါကုန်သနည်း”ဟု လျှောက်၏။

နှမ မျက်စိရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို ပညတ်ကုန်၏၊ မျက်စိ မရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို မပညတ်ကုန်။ပ။ လျှာရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို ပညတ်ကုန်၏၊ လျှာ မရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို မပညတ်ကုန်။ပ။ စိတ်ရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို ပညတ်ကုန်၏၊ စိတ် မရှိသော် ရဟန္တာတို့သည် ချမ်းသာဆင်းရဲကို မပညတ်ကုန်ဟု မိန့်ဆို၏။

ဤသို့ ဟောတော်မူသော် ဝေရဟစ္စာနိအနွယ် ပုဏ္ဏေးမသည် အသျှင်ဥဒါယီအား ဤစကားကိုလျှောက်ထား၏— “အသျှင်ဘုရား အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဘုရား မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟုအမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူ အသျှင်ဥဒါယီသည်အကြောင်းအမျိုးမျိုးဖြင့် တရားကို ပြတော်မူပါပေ၏။ အသျှင်ဥဒါယီ ထိုတပည့်တော်မသည်ထိုမြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ ရဟန်းသံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းသို့ ရောက်ပါ၏။ အသျှင်ဥဒါယီသည် တပည့်တော်မကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသိကာမ”ဟု အမှတ်ပြုတော်မူပါဟု လျှောက်၏။

ဒသမသုတ်။

သုံးခုမြောက် ဂဟပတိဝဂ် ပြီး၏။