သံယုတ္တနိကာယ်—၃၅
(၁၄) ၄—ဒေဝဒဟဝဂ်
၁၂—ဗာဟိရာနတ္တဟေတုသုတ်
၁၄၅။ ရဟန်းတို့ အဆင်းတို့သည် အတ္တ မဟုတ်ကုန်၊ အဆင်းတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သောအကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော အဆင်းတို့သည် အဘယ်မှာ အတ္တဖြစ်ကုန်လိမ့်မည်နည်း။
အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် အတ္တမဟုတ်ကုန်၊ သဘောတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းသည်လည်းကောင်း၊ အထောက်အပံ့သည်လည်းကောင်း အတ္တ မဟုတ်။ ရဟန်းတို့ အတ္တ မဟုတ်သော အကြောင်းအထောက်အပံ့ကြောင့် ဖြစ်ပေါ်လာသော သဘောတရားတို့သည် အဘယ်မှာ အတ္တဖြစ်ကုန်လိမ့်မည်နည်း။
ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏။
အသံတို့၌လည်း။ အနံ့တို့၌လည်း။ အရသာတို့၌လည်း။ အတွေ့အထိတို့၌လည်း။ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) “လွတ်မြောက်ပြီ”ဟု အသိဉာဏ် ဖြစ်၏၊ “ပဋိသန္ဓေ နေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ့ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်၊
လေးခုမြောက် ဒေဝဒဟဝဂ် ပြီး၏။