သံယုတ္တနိကာယ်—၃၅

(၁၅) ၅—နဝပုရာဏဝဂ်

၃—ဒုက္ခနိဗ္ဗာနသပ္ပါယသုတ်

၁၄၈။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိသည် ဆင်းရဲဟု ရှု၏၊ အဆင်းတို့သည် ဆင်းရဲကုန်ဟု ရှု၏၊ စက္ခုဝိညာဏ်သည် ဆင်းရဲဟု ရှု၏၊ စက္ခုသမ္ဖဿသည် ဆင်းရဲဟု ရှု၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဟုရှု၏။ပ။

လျှာသည် ဆင်းရဲဟု ရှု၏၊ အရသာတို့သည် ဆင်းရဲကုန်ဟု ရှု၏၊ ဇိဝှါဝိညာဏ်သည် ဆင်းရဲဟု ရှု၏၊ ဇိဝှါသမ္ဖဿသည် ဆင်းရဲဟု ရှု၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဟု ရှု၏။ပ။

စိတ်သည် ဆင်းရဲဟု ရှု၏၊ သဘောတရားတို့သည် ဆင်းရဲကုန်ဟု ရှု၏၊ မနောဝိညာဏ်သည် ဆင်းရဲဟုရှု၏၊ မနောသမ္ဖဿသည် ဆင်းရဲဟု ရှု၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ် လာသည့်ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲဟု ရှု၏။ ရဟန်းတို့ ဤသို့လျှင် နိဗ္ဗာန်အားလျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။