သံယုတ္တနိကာယ်—၃၅

၂—ယမကဝဂ်

၅—ပဌမ နောစေအဿာဒသုတ်

၁၇။ ရဟန်းတို့ အကယ်၍ မျက်စိ၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိ၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် မျက်စိ၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ မျက်စိ၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် မျက်စိ၌ ငြီးငွေ့ကုန်၏။

ရဟန်းတို့ အကယ်၍ မျက်စိ၏ ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် မျက်စိမှမထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ မျက်စိ၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် မျက်စိမှ ထွက်မြောက်နိုင် ကုန်၏။ ရဟန်းတို့ အကယ်၍ နား၏ သာယာဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ နှာခေါင်း၏ သာယာ ဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ လျှာ၏ သာယာဖွယ်မရှိခဲ့ပါမူ သတ္တဝါတို့သည် လျှာ၌ မစွဲလမ်း ကုန်ရာ၊ ရဟန်းတို့ လျှာ၏ သာယာဖွယ်ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် လျှာ၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ လျှာ၏ အပြစ်မရှိခဲ့ပါမူ သတ္တဝါတို့သည် လျှာ၌ မငြီးငွေ့ကုန်ရာ၊ ရဟန်းတို့ လျှာ၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင်သတ္တဝါတို့သည် လျှာ၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့ အကယ်၍ လျှာ၏ ထွက်မြောက်ရာ မရှိခဲ့ပါမူသတ္တဝါတို့သည် လျှာမှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ လျှာ၏ ထွက်မြောက်ရာရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် လျှာမှ ထွက်မြောက်နိုင်ကုန်၏။ ရဟန်းတို့ အကယ်၍ ကိုယ်၏့သာယာဖွယ် မရှိခဲ့ပါမူ။ ရဟန်းတို့ အကယ်၍ စိတ်၏ သာယာဖွယ် မရှိခဲ့ပါမူ သတ္တဝါ တို့သည် စိတ်၌ မစွဲလမ်းကုန်ရာ၊ ရဟန်းတို့ စိတ်၏ သာယာဖွယ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်၌ စွဲလန်းကုန်၏။ ရဟန်းတို့ အကယ်၍ စိတ်၏ အပြစ် မရှိခဲ့ပါမူ သတ္တဝါတို့သည် စိတ်၌ မငြီး ငွေ့ကုန်ရာ၊ ရဟန်းတို့ စိတ်၏ အပြစ် ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်၌ ငြီးငွေ့ကုန်၏။ ရဟန်းတို့အကယ်၍ စိတ်၏ ထွက်မြောက်ရာ မရှိခဲ့ပါမူ သတ္တဝါတို့သည် စိတ်မှ မထွက်မြောက်နိုင်ကုန်ရာ၊ ရဟန်းတို့ စိတ်၏ ထွက်မြောက်ရာ ရှိနေခြင်းကြောင့်သာလျှင် သတ္တဝါတို့သည် စိတ်မှ ထွက်မြောက်နိုင်ကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးကုန်သောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’ တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက်မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိကြသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့် မနေကြရကုန်။

ရဟန်းတို့ သတ္တဝါတို့သည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’ တို့၏သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကမှ ကျွတ်လွတ်ကွေကင်း လွတ်ကင်းကြကုန်သည် ဖြစ်၍ (ကိလေသာ) အပိုင်းအခြား ကင်းသော စိတ်ဖြင့်နေကြရကုန်၏ဟု (မိန့် တော်မူ၏)။

ပဉ္စမသုတ်။