သံယုတ္တနိကာယ်—၃၅
(၁၇) ၂—သဋ္ဌိပေယျာလဝဂ်
၄—၆—ဒုက္ခဆန္ဒာဒိသုတ်
၁၇၁—၁၇၃။ ရဟန်းတို့ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်တို့သည်လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။ ရဟန်းတို့ အဘယ်တရားသည် ဆင်းရဲသနည်း။
ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မျက်စိ၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ပ။ လျှာသည် ဆင်းရဲ၏။ပ။ စိတ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲသော စိတ်၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ စွဲမက်မှု’ရာဂ’ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်။
ရဟန်းတို့ အကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်တို့သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ စွဲမက်မှု ‘ရာဂ’ ကို ပယ်ရမည်။ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။