သံယုတ္တနိကာယ်—၃၅
(၁၈) ၃—သမုဒ္ဒဝဂ်
၆—ကာမဘူသုတ်
၂၃၃။ အခါတစ်ပါး၌ အသျှင်အာနန္ဒာနှင့် အသျှင်ကာမဘူတို့သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်ကာမဘူသည် ညနေချမ်းအခါ တစ်ပါးတည်းကိန်းအောင်းရာမှ ထခဲ့၍ အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် အသျှင်အာနန္ဒာအား ဤစကားကိုလျှောက်၏ —ိံငါ့သျှင်အာနန္ဒာ မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ လော၊ အဆင်းတို့သည် မျက်စိ၏အနှောင်အဖွဲ့ ‘သံယောဇဉ်’လော။ပ။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ် ‘လော၊ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ လော။ပ။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ လော၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ လောဟု လျှောက်၏။
ငါ့သျှင်ကာမဘူ မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည်မျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သောလိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ် ‘ မည်၏။ပ။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ ့အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။ပ။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကားထိုနှစ်မျိုး လုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။
ငါ့သျှင် ဥပမာသော်ကား နွားနက်နှင့် နွားဖြူတို့ကို တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်လည်းကောင်း၊ လွန်ကြိုးဖြင့်လည်းကောင်း ချည်ထားကုန်ရာ၏။ တစ်စုံတစ်ယောက်သော သူသည်”နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်း”ဟုပြောဆိုရာ၏။ ထိုသို့ ပြောဆိုသူသည် အမှန်ကို ပြောဆိုသည် မည်ရာသလော။ ငါ့သျှင် မမည်နိုင်ပါ။ ငါ့သျှင် နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနွားနှစ်ကောင်တို့ကို တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်လည်းကောင်း၊ လွန်ကြိုးဖြင့်လည်းကောင်း ချည်ထားကုန်၏။ ထိုကြိုးသည် ထိုနွားနှစ်ကောင်၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’မည်ပါ၏။
ငါ့သျှင် ဤအတူ မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည်မျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်။ပ။ လျှာသည်။ပ။ စိတ်သည်။ပ။ အမှန်အားဖြင့်သော်ကားထို နှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏ဟု (မိန့်ဆို၏)။
ဆဋ္ဌသုတ်။