သံယုတ္တနိကာယ်—၃၅
(၉) ၄—ဆန္နဝဂ်
၁—ပလောကဓမ္မသုတ်
၈၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား “လောကလောက”ဟု ဆိုအပ်၏၊ အသျှင်ဘုရား အဘယ်မျှလောက်သော အကြောင်းဖြင့် “လောက”ဟုဆိုအပ်ပါသ နည်း။
အာနန္ဒာ အကြင်တရားသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဤပျက်စီးတတ်သော သဘောရှိသောတရားကို (အရိယာ) မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏။
အာနန္ဒာ ပျက်စီးတတ်သော သဘောရှိသော တရားသည် အဘယ်နည်း။ အာနန္ဒာ မျက်စိသည်ပျက်စီးတတ်သော သဘောရှိ၏၊ အဆင်းတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ စက္ခုဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ စက္ခုသမ္ဖဿသည် ပျက်စီးတတ်သော သဘောရှိ၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့်။ပ။ ထိုဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ပ။
လျှာသည် ပျက်စီးတတ်သော သဘောရှိ၏၊ အရသာတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ ဇိဝှါဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ ဇိဝှါသမ္ဖဿသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဇိဝှါ သမ္ဖဿဟူသော အကြောင်းကြောင့်။ပ။ ထိုဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။ပ။ စိတ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ သဘောတရားတို့သည် ပျက်စီးတတ်သော သဘောရှိကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်သော သဘောရှိ၏၊ မနောသမ္ဖဿသည်ပျက်စီးတတ်သော သဘောရှိ၏၊ မနော သမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှုသုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ပျက်စီးတတ်သော သဘောရှိ၏။
အာနန္ဒာ အကြင်တရားသည် ပျက်စီးတတ်သော သဘောရှိ၏၊ ဤပျက်စီးတတ်သော သဘောရှိသောတရားကို (အရိယာ) မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။