သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၃—အညတရဘိက္ခုသုတ်

၂၇၁။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် “အသျှင်ဘုရား ဝေဒနာတို့ကား အဘယ်တို့ပါနည်း၊ ဝေဒနာ၏ ဖြစ်ကြောင်းကား အဘယ်ပါနည်း၊ ဝေဒနာဖြစ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်ကား အဘယ်ပါနည်း၊ ဝေဒနာချုပ်ငြိမ်းရာကား အဘယ်ပါနည်း၊ ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကား အဘယ်ပါနည်း၊ ဝေဒနာ၏ သာယာဖွယ်ကား အဘယ်ပါနည်း၊ အပြစ်ကား အဘယ်ပါနည်း၊ ထွက်မြောက်ရာကားအဘယ်ပါနည်း “ ဟူသော ဤစကားကို လျှောက်ထား၏။

ရဟန်း ဝေဒနာတို့ကား ဤသုံးပါးတို့တည်း။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ရဟန်း ဤသည်တို့ကို ဝေဒနာတို့ဟု ဆိုအပ်ကုန်၏။ တွေ့ထိမှု ‘ဖဿ’ ဖြစ်ပေါ်ခြင်းကြောင့်ဝေဒနာဖြစ်၏။ တပ်မက်မှု ‘တဏှာ ‘သည် ဝေဒနာဖြစ်ပေါ်ကြောင်းသို့ ရောက်စေတတ်သော အကျင့်မည်၏။

တွေ့ထိမှု’ဖဿ’ ချုပ်ငြိမ်းခြင်းကြောင့် ဝေဒနာချုပ်ငြိမ်း၏။ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော တည်ကြည်ခြင်းဟူသော ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်သည်ပင်လျှင် ဝေဒနာချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်မည်၏။ ဝေဒနာကို စွဲ၍ ကိုယ်ချမ်းသာ စိတ်ချမ်းသာသည် ဖြစ်၏၊ ဤကား ဝေဒနာ၏သာယာဖွယ်တည်း။ ဝေဒနာသည် မမြဲ၊ ဆင်းရဲ၏၊ ဖောက်ပြန်ခြင်းသဘောရှိ၏။ ဤသည်ကား ဝေဒနာ၏အပြစ်တည်း။ ဝေဒနာ၌ လိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ ‘ ကို ဖျောက်ခြင်း၊ လိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ ‘ ကိုပယ်ခြင်းသည် ဝေဒနာ၏ ထွက်မြောက်ရာတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။