သံယုတ္တနိကာယ်—၃၆

၃—အဋ္ဌသတပရိယာယဝဂ်

၁၁—နိရာမိသသုတ်

၂၇၉။ ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ ရှိသော ပီတိသည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသောပီတိသည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော ပီတိသည်ရှိ၏။ ကိလေသာ ‘ အာမိသ ‘ ရှိသော သုခသည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသော သုခသည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော သုခသည် ရှိ၏။

ကိလေသာ ‘ အာမိသ ‘ ရှိသော ဥပေက္ခာသည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသော ဥပေက္ခာသည်ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော ဥပေက္ခာသည်ရှိ၏။ ကိလေသာ’ အာမိသ ‘ ရှိသော လွတ်မြောက်မှု ‘ ဝိမောက္ခ ‘သည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘မရှိသော လွတ်မြောက်မှု ‘ ဝိမောက္ခ ‘သည် ရှိ၏၊ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော လွတ်မြောက်မှု ‘ ဝိမောက္ခ ‘သည် ရှိ၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ ရှိသော ပီတိသည် အဘယ်နည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့်မြင်အပ်ကုန်သော ရူပါရုံတို့လည်းကောင်း။ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော ကာယဝိညာဏ်ဖြင့်တွေ့ထိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်တို့ကား ကာမဂုဏ်ငါးပါးတို့တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ နှစ်သိမ့်မှု ‘ပီတိ’သည် ဖြစ်၏၊ ရဟန်းတို့ ဤနှစ်သိမ့်မှု ‘ပီတိ’ မျိုးကို ကိလေသာ ‘ အာမိသ ‘ ရှိသော ပီတိဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ မရှိသော ပီတိဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ ဝိတက် ‘ သုံးသပ်ခြင်း ‘ ဝိစာရ ‘နှင့် တကွသော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့် ခြင်း ‘ ပီတိ ‘ ချမ်းသာခြင်း ‘သုခ ‘ ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ ဝိတက်ဝိစာရကင်းခြင်းကြောင့် ကိုယ်တွင်းသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော တည်ကြည်ခြင်း ‘ သမာဓိ ‘ ကိုပွားစေတတ်သော ဝိတက်ဝိစာရ မရှိသော တည်ကြည်ခြင်း ‘ သမာဓိ ‘ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ချမ်းသာခြင်း ‘သုခ’ ရှိသော ဒုတိယဈာန်သို့ ရောက်လျက် နေ၏၊ ရဟန်းတို့ ဤနှစ်သိမ့်မှု ‘ပီတိ’ မျိုးကိုကိလေသာ ‘ အာမိသ ‘ မရှိသော ပီတိဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ’အာမိသ’ မရှိသည်ထက် သာ၍ ကိလေသာ’အာမိသ’ မရှိသော ပီတိဟူသည်အဘယ်နည်း။ ရဟန်းတို့ ရာဂတရားမှ လွတ်မြောက်သော စိတ်ကို ဆင်ခြင်သော ဒေါသတရားမှ လွတ်မြောက်သော စိတ်ကို ဆင်ခြင်သော မောဟတရားမှ လွတ်မြောက်သော စိတ်ကို ဆင်ခြင်သော အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား နှစ်သိမ့်ခြင်း ‘ ပီတိ ‘သည် ဖြစ်၏၊ ရဟန်းတို့ ဤနှစ်သိမ့်မှု ‘ပီတိ’ မျိုးကိုကိလေသာ’အာမိသ’ မရှိသည်ထက် သာ၍ ကိလေသာ’အာမိသ’ မရှိသော နှစ်သိမ့်မှု’ပီတိ ‘ဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ ရှိသော သုခဟူသည် အဘယ်နည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော ရူပါရုံတို့လည်းကောင်း။ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော ကာယဝိညာဏ် ဖြင့် တွေ့ထိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်တို့ကား ကာမဂုဏ် ငါးပါးတို့တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို စွဲ၍ ကိုယ်ချမ်းသာစိတ်ချမ်းသာသည် ဖြစ်၏၊ ရဟန်းတို့ ဤချမ်းသာမျိုးကို ကိလေသာ ‘အာမိသ ‘ ရှိသော သုခဟုဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ မရှိသော သုခဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ ဝိတက် ‘ သုံးသပ်ခြင်း ‘ ဝိစာရ ‘ နှင့် တကွသော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ ပီတိ ‘ ချမ်းသာခြင်း ‘ သုခ ‘ ရှိသော ပဌမဈာန်သို့ ရောက်လျက် နေ၏၊ ဝိတက်ဝိစာရ ကင်းခြင်းကြောင့် ကိုယ်တွင်းသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော တည်ကြည်ခြင်း ‘ သမာဓိ ‘ကို ပွားစေတတ်သော ဝိတက်ဝိစာရ မရှိသော တည်ကြည်ခြင်း ‘ သမာဓိ ‘ ကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ ပီတိ ‘ ချမ်းသာခြင်း ‘ သုခ ‘ ရှိသော ဒုတိယဈာန်သို့ ရောက်လျက် နေ၏၊ နှစ်သိမ့်ခြင်း ‘ ပီတိ ‘ ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့မှု ‘ သတိ ‘ ဆင်ခြင်ဉာဏ် ‘ သမ္ပဇဉ် ‘ နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် ချမ်းသာခြင်း ‘ သုခ ‘ ကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို “ လျစ်လျူရှုသူ၊ သတိ ရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ “ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထိုတတိယဈာန်သို့ရောက် လျက် နေ၏။ ရဟန်းတို့ ဤချမ်းသာမျိုးကို ကိလေသာ ‘အာမိသ ‘ မရှိသော သုခဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော သုခဟူသည်အဘယ်နည်း။ ရဟန်းတို့ ရာဂတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော ဒေါသတရားမှလွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော မောဟတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သောအာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ကိုယ်ချမ်းသာ စိတ်ချမ်းသာသည် ဖြစ်၏။ ရဟန်းတို့ ဤချမ်းသာမျိုးကို ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော သုခဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ ရှိသော ဥပေက္ခာဟူသည် အဘယ်နည်း။ ရဟန်းတို့ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော ရူပါရုံတို့လည်းကောင်း။ပ။ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကိုပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်လျက် ကာမနှင့် စပ်ကုန်သော စွဲမက်အပ်ကုန်သော ကာယဝိညာဏ်ဖြင့် တွေ့ထိအပ်ကုန်သော ဖောဋ္ဌဗ္ဗာရုံတို့လည်းကောင်းတည်း။ ရဟန်းတို့ ဤသည်တို့ကား ကာမဂုဏ်ငါးပါးတို့တည်း။ ရဟန်းတို့ ဤကာမဂုဏ်ငါးပါးတို့ကို အစွဲပြုပြီးလျှင် လျစ်လျူရှုမှု ‘ ဥပေက္ခာ ‘သည်ဖြစ်၏။ ရဟန်းတို့ ဤလျစ်လျူရှုမှုကို ကိလေသာ ‘အာမိသ’ ရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘အာမိသ’ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ ‘ ဟူသည် အဘယ်နည်း။ ရဟန်း တို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ ရှေးဦးကပင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ချမ်းသာဆင်းရဲ မရှိသော လျစ်လျူရှုမှု ‘ ဥပေက္ခာ ‘ ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်လျက် နေ၏၊ ရဟန်းတို့ ဤလျစ်လျူရှုမှုကို ကိလေသာ ‘ အာမိသ ‘ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ ‘ဟု ဆိုအပ်၏။

ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော လျစ်လျူရှုမှု ‘ ဥပေက္ခာ ‘ ဟူသည် အဘယ်နည်း။ ရဟန်းတို့ ရာဂတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော ဒေါသတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော မောဟတရားမှ လွတ်မြောက်ပြီးသောစိတ်ကို ဆင်ခြင်သော အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား လျစ်လျူရှုမှုသည် ဖြစ်၏။ ရဟန်းတို့ ဤလျစ်လျူရှုမှုကို ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော လျစ်လျူရှုမှု ‘ဥပေက္ခာ’ဟု ဆိုအပ်၏။

ကိလေသာ ‘ အာမိသ ‘ ရှိသော လွတ်မြောက်မှုဟူသည် အဘယ်နည်း။ ရုပ်နှင့် စပ်ယှဉ်သော လွတ်မြောက်မှုသည် ကိလေသာ ‘ အာမိသ ‘ ရှိသော လွတ်မြောက်မှုတည်း။ ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ကင်းသော လွတ်မြောက်မှုဟူသည် အဘယ်နည်း။ နာမ်နှင့် စပ်ယှဉ်သော လွတ်မြောက်မှုသည် ကိလေသာ’ အာမိသ ‘ ကင်းသော လွတ်မြောက်မှုတည်း။ ရဟန်းတို့ ကိလေသာ ‘ အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘ အာမိသ ‘ မရှိသော လွတ်မြောက်မှုဟူသည် အဘယ်နည်း။ ရဟန်းတို့ ရာဂတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော, ဒေါသတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော,မောဟတရားမှ လွတ်မြောက်ပြီးသော စိတ်ကို ဆင်ခြင်သော အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်အားလွတ်မြောက်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤလွတ်မြောက်မှုကို ကိလေသာ ‘အာမိသ ‘ မရှိသည်ထက် သာ၍ ကိလေသာ ‘အာမိသ ‘ မရှိသော လွတ်မြောက်မှုဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

သုံးခုမြောက် အဋ္ဌသတပရိယာယဝဂ် ပြီး၏။

ဝေဒနာသံယုတ် ပြီး၏။