သံယုတ္တနိကာယ်—၃၇
၁—ပဌမ ပေယျာလဝဂ်
၅—ကောဓနသုတ်
၂၈၄။ ထိုအခါ အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား ဤလောက၌ အကျွန်ုပ်သည် အထူးသဖြင့် သန့်ရှင်းသော လူတို့၏ အမြင်ကို လွန်သော နတ်၌ ဖြစ်သော မျက်စိ ‘ဒိဗ္ဗစက္ခုအဘိညာဉ်’ ဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ရောက်သော မာတုဂါမကို မြင်ပါ၏၊ မြတ်စွာဘုရား အဘယ်မျှလောက်ကုန်သော တရားတို့နှင့်ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာမကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ပါသနည်း”ဟု လျှောက်ထား၏။
အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။
အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’တရားလည်း မရှိ၊ အရှက်လည်း မရှိ၊ အကြောက်လည်း မရှိ၊ အမျက်ဒေါသလည်း ထွက်တတ်၏၊ ပညာမဲ့၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။