သံယုတ္တနိကာယ်—၃၈
၇—ဝေဒနာပဥှာသုတ်
၃၂ဝ။ ငါ့သျှင် သာရိပုတြာ “ဝေဒနာ ဝေဒနာ”ဟု ဆိုအပ်၏၊ ငါ့သျှင် ဝေဒနာတို့သည် အဘယ်တို့နည်းဟု မေး၏။ ငါ့သျှင် ဤဝေဒနာတို့သည် သုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့တည်း။ ငါ့သျှင် ဤသုံးပါးတို့သည် ဝေဒနာတို့တည်းဟု မိန့်ဆို၏။
ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိသလော၊ အကျင့်သည်ရှိသလောဟု မေး၏။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ရှိ၏၊ အကျင့်သည် ရှိ၏ဟု မိန့်ဆို၏။
ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် အဘယ်နည်း၊ အကျင့်သည်အဘယ်နည်းဟု မေး၏။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ (လမ်းသည်,့အကျင့်သည်ကား) အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း၊ မှန်ကန်သော မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့တည်း။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည် ဤသည်ပင်တည်း၊ အကျင့်သည် ဤသည်ပင် တည်းဟု မိန့်ဆို၏။ ငါ့သျှင် ဤသုံးပါးကုန်သော ဝေဒနာတို့ကို ပိုင်းခြားသိခြင်းငှါ လမ်းသည်ကောင်း၏၊ အကျင့်သည် ကောင်း၏။ ငါ့သျှင် သာရိပုတြာ မမေ့မလျော့ခြင်းငှါ သင့်သည်သာတည်းဟုပြောဆို၏။
သတ္တမသုတ်။