သံယုတ္တနိကာယ်—၄၁
၉—အစေလကဿပသုတ်
၃၅၁။ ထိုအခါ စိတ္တသူကြွယ်၏ လူ့ဘဝက သူငယ်ချင်းဟောင်းဖြစ်သော အစေလကဿပသည်မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာ၏၊ စိတ္တသူကြွယ်သည် “ငါတို့၏ လူ့ဘဝကသူငယ်ချင်းဟောင်းဖြစ်သော အစေလကဿပသည် မစ္ဆိကာသဏ္ဍအရပ်သို့ ရောက်လာသတတ်”ဟုကြားလေ၏၊ ထိုအခါ စိတ္တသူကြွယ်သည် အစေလကဿပထံသို့ ချဉ်းကပ်၍ အစေလကဿပနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြော ဆိုပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အစေလကဿပအား “အသျှင်ကဿပ ရဟန်းပြုသည်မှာ အဘယ်မျှ ကြာပြီနည်း”ဟု မေး၏။ သူကြွယ့်ငါ ရဟန်းပြုခြင်းသည် အနှစ်သုံးဆယ်မျှ ရှိခဲ့ပြီ။ အသျှင် သင့်အား အနှစ်သုံးဆယ်တို့ပတ်လုံး လူတို့၏တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင် တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာနေရခြင်း ရှိပါ၏လောဟု (ဆို၏)။ သူကြွယ် စင်စစ် ဤ အနှစ်သုံးဆယ်တို့ဖြင့် ရဟန်းပြုသော ငါ့အားအဝတ်မဝတ်ရခြင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုံခါရန် ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါးလူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ် အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် မရှိဟု ဆို၏။ ဤသို့ ဆိုသော် စိတ္တသူကြွယ်သည် အစေလကဿပအား ဤသို့ ဆို၏— “အချင်းတို့ အစေလကတို့၏ တရားသည် အံ့သြ ဖွယ်ရှိပေစွတကား၊ မဖြစ်စဖူး အထူးဖြစ်စွတကား။ အနှစ်သုံးဆယ်တို့ပတ်လုံး အဝတ် မဝတ်ရခြင်း၊ ဦးပြည်းရခြင်း၊ တင်ပါး၌ ဖုံခါရန်ဥဒေါင်းမြီးစည်းကို ကိုင်ဆောင်ရခြင်းမှ တစ်ပါး လူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ဉာဏ်အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် မဖြစ်ရပလေ”ဟု (ဆို၏)။
သူကြွယ် သင်၏ ဥပါသကာအဖြစ်သို့ ကပ်ရောက်ခြင်းသည် အဘယ်မျှ ကြာပြီနည်းဟု (မေး၏)။
အသျှင် ဥပါသကာအဖြစ်သို့ ကပ်ရောက်သော အကျွန်ုပ်အားလည်း အနှစ်သုံးဆယ်မျှ ရှိပါပြီဟု (ဆို၏)။
သူကြွယ် သင့်အား ဤအနှစ်သုံးဆယ်တို့ဖြင့် လူတို့၏ တရားထက် လွန်မြတ်သော အရိယာတို့၏ ဉာဏ်အမြင်တရားထူး တစ်စုံတစ်ရာကို ရ၍ ချမ်းသာစွာ နေရခြင်း မည်သည် ရှိသလောဟု (မေး၏)။ အသျှင်အကျွန်ုပ်သည် လူဖြစ်သော်လည်း အလိုရှိတိုင်းသာလျှင် ကာမတို့မှ ဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှဆိတ်၍ သာလျှင် ကြံစည်ခြင်း ‘ဝိတက်’ နှင့် တကွဖြစ်သော သုံးသပ်ခြင်း ‘ဝိစာရ’ နှင့် တကွဖြစ်သောနီဝရဏ ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ချမ်းသာခြင်း ‘သုခ’ ရှိသော ပဌမဈာန်သို့ရောက်၍ နေရ ပါ၏၊ အသျှင် အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ကြံစည်ခြင်း ‘ဝိတက်’သုံးသပ်ခြင်း ‘ဝိစာရ’ တို့၏ မရှိ ခြင်းကြောင့် ဒုတိယဈာန်သို့ ရောက်၍ နေရပါ၏၊ အသျှင် အကျွန်ုပ်သည်အလိုရှိတိုင်းသာလျှင် နှစ်သိမ့် ခြင်း ‘ပီတိ’ ကိုလည်း စက်ဆုပ်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ရောက်၍ နေရ ပါ၏၊ အသျှင် အကျွန်ုပ်သည် အလိုရှိတိုင်းသာလျှင် ချမ်းသာခြင်း ‘သုခ’ကိုလည်းပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေရပါ၏၊ အသျှင် အကျွန်ုပ်သည် မြတ်စွာဘုရား၏ရှေးဦးစွာ သေခဲ့ပါမူ “စိတ္တသူကြွယ်သည် ဤ (ကာမ) လောကသို့ တစ်ဖန်ပြန်လာနိုင်ကြောင်း ဖြစ်သောသံယောဇဉ် မရှိတော့”ဟု အကျွန်ုပ်ကို မြတ်စွာဘုရား မိန့်ဆိုတော် မူငြားအံ့၊ ထိုမိန့်ဆိုခြင်းသည်အံ့ဖွယ်မဟုတ်သည်သာတည်းဟု (ဆို၏)။ ဤသို့ဆိုသော် အစေလကဿပသည် စိတ္တသူကြွယ်ကို ဤသို့ဆို၏— “အချင်းတို့ မြတ်စွာဘုရားတရားတော်၏ ကောင်းစွာ ဟောအပ်သည်၏ အဖြစ်သည်အံ့ဖွယ်ရှိစွတကား၊ မဖြစ်စဖူး အထူးဖြစ်စွတကား၊ အဝတ်ဖြူဝတ်သော လူဖြစ်လျက် ဤသို့သဘောရှိသော လူတို့၏ တရားထက် လွန်မြတ်၍ ချမ်းသာစွာ နေရကြောင်းဖြစ်သော အရိယာ တို့၏ဉာဏ်အမြင်တရားထူးကို ရတုံဘိသေး၏။ သူကြွယ် အကျွန်ုပ်သည် ဤသာသနာတော်၌ ရှင်အဖြစ်ကိုရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ “ဟု ဆို၏။
ထိုအခါ စိတ္တသူကြွယ်သည် အစေလကဿပကို ခေါ်၍ မထေရ်ကြီးဖြစ်သော ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် မထေရ်ကြီးဖြစ်သော ရဟန်းတို့အား ဤသို့ လျှောက်၏— “အသျှင်ဘုရားတို့ ဤအစေလကဿပသည် အကျွန်ုပ်တို့၏ လူ့ဘဝက သူငယ်ချင်းဟောင်းပါတည်း၊ ဤသူကို မထေရ်ကြီးတို့သည်ရှင်ပြုကြပါကုန်လော့၊ အကျွန်ုပ်သည် ဤသူအား သင်္ကန်း ဆွမ်း ကျောင်း သူနာအထောက်အပံ့ဆေးအသုံးအဆောင်တို့ဖြင့် ကြောင့်ကြ ပြုပါအံ့”ဟု လျှောက်၏။
အစေလကဿပသည် ဤသာသနာတော်၌ ရှင်အဖြစ်ကို ရလေ၏၊ ပဉ္စင်းအဖြစ်ကို ရလေ၏၊ ပဉ္စင်းဖြစ်၍ မကြာသေးသော အသျှင်ကဿပသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေသည့်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးကောင်းသားများ လိုလားတောင့်တအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော တရားကို မျက်မှောက်ဘဝ၌ ပင်လျှင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ “ပဋိသန္ဓနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏။ အသျှင်ကဿပသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။
နဝမသုတ်။