သံယုတ္တနိကာယ်—၄၄

၆—စတုတ္ထ သာရိပုတ္တ ကောဋ္ဌိကသုတ်

၄၁၅။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်သာရိပုတြာသည် ညချမ်းအခါတစ် ပါးတည်း ကိန်းအောင်းရာမှ ထ၍ အသျှင်မဟာကောဋ္ဌိကထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင်မဟာကောဋ္ဌိကနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်မဟာကောဋ္ဌိက အား— ငါ့သျှင်ကောဋ္ဌိက ‘ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သလော ‘ဟု ဆို၏။ပ။ ‘ ငါ့သျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်သလော ‘ဟု ဤသို့ မေး လျှင် ‘ ငါ့သျှင် သတ္တဝါသည် သေသည် မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ‘ ဟူ သော ဤစကားကိုလည်း မြတ်စွာဘုရား့ဟောတော်မမူဟု ဆို၏။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူ ခြင်း၏ အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်းဟု မေး၏။

ငါ့သျှင် ရုပ်ဟူသော မွေ့လျော်ရာရှိသော ရုပ်၌ ပျော်ပိုက်သော ရုပ်ကို နှစ်ခြိုက်သော ရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်းအယူဖြစ်၏၊ “ သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ် “ ဟူ၍လည်း အယူဖြစ်၏၊ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ် “ ဟူ၍လည်း အယူဖြစ်၏၊ “ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် ဝေဒနာဟူသော မွေ့လျော်ရာရှိသော ဝေဒနာ၌ ပျော်ပိုက်သော ဝေဒနာကို နှစ်ခြိုက်သော ဝေဒနာချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်းအယူ ဖြစ်၏။ပ။ ငါ့သျှင် သညာဟူသော မွေ့လျော်ရာရှိသော။ပ။ ငါ့သျှင် သင်္ခါရဟူသောမွေ့လျော်ရာရှိသော။ပ။ ငါ့သျှင် ဝိညာဏ်ဟူသော မွေ့လျော်ရာရှိသော ဝိညာဏ်၌ ပျော်ပိုက်သောဝိညာဏ်ကို နှစ်ခြိုက်သော ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား” သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ ဟူ၍လည်း အယူဖြစ်၏။

ငါ့သျှင် ရုပ်ဟူသော မွေ့လျော်ရာ မရှိသော ရုပ်၌ မပျော်ပိုက်သော ရုပ်ကို မနှစ်ခြိုက်သော ရုပ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း အယူ မဖြစ်။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် ဝေဒနာဟူသော မွေ့လျော်ရာ မရှိသော။ပ။ ငါ့သျှင် သညာဟူသော မွေ့လျော်ရာ မရှိသော။ပ။ ငါ့သျှင် သင်္ခါရဟူသော မွေ့လျော်ရာ မရှိသော။ပ။ ငါ့သျှင် ဝိညာဏ်ဟူသော မွေ့လျော်ရာ မရှိသော ဝိညာဏ်၌ မပျော်ပိုက်သော ဝိညာဏ်ကို မနှစ်ခြိုက်သော ဝိညာဏ်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏” ဟူ၍လည်းအယူ မဖြစ်။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင် ရှိနိုင်သေး၏၊ ငါ့သျှင် ဘဝဟူသော မွေ့လျော်ရာရှိသော ဘဝ၌ ပျော်ပိုက်သော ဘဝကို နှစ်ခြိုက်သော ဘဝချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် ဘဝဟူသော မွေ့လျော်ရာ မရှိသော ဘဝ၌ မပျော် ပိုက်သော ဘဝကို မနှစ်ခြိုက်သော ဘဝချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား”သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူ မဖြစ်။ပ။ “သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူ မဖြစ်၊ ငါ့သျှင်မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင် ရှိနိုင်သေး၏၊ ငါ့သျှင် ဥပါဒါန်ဟူသော မွေ့လျော်ရာရှိသော ဥပါဒါန်၌ ပျော်ပိုက်သော ဥပါဒါန်ကိုနှစ်ခြိုက်သော ဥပါဒါန်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်း အယူဖြစ်၏။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် ဥပါဒါန်ဟူသော မွေ့လျော်ရာ မရှိသော ဥပါ ဒါန်၌ မပျော်ပိုက်သော ဥပါဒါန်ကို မနှစ်ခြိုက်သော ဥပါဒါန်ချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်းအယူ မဖြစ်။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ ဟူ၍လည်း အယူ မဖြစ်။ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင် ရှိနိုင်သေး၏၊ ငါ့သျှင် တဏှာဟူသော မွေ့လျော်ရာရှိသော တဏှာ၌ ပျော်ပိုက်သော တဏှာကိုနှစ် ခြိုက်သော တဏှာချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း မသိမမြင်သော သူအား “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်၏ “ဟူ၍လည်း အယူဖြစ်၏။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် “ဟူ၍လည်း အယူဖြစ်၏။ ငါ့သျှင် တဏှာဟူသောမွေ့လျော်ရာ မရှိသော တဏှာ၌ မပျော်ပိုက်သော တဏှာကို မနှစ်ခြိုက်သော တဏှာချုပ်ရာကိုဟုတ်မှန်သည့်အတိုင်း သိမြင်သော သူအား “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏”ဟူ၍လည်းအယူ မဖြစ်။ပ။ “ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်း အယူ မဖြစ်၊ ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်ကား ဤသည်ပင်တည်း။

ငါ့သျှင် မြတ်စွာဘုရား ဟောတော်မမူခြင်း၏ အကြောင်းပရိယာယ်တစ်မျိုးလည်း ရှိနိုင်သေးသလော။ ငါ့သျှင်သာရိပုတြာ ယခု ဤအရပ်၌ ဤထက်အလွန် အဘယ်ကို အလိုရှိသနည်း၊ ငါ့သျှင်သာရိပုတြာတဏှာ ကုန်သဖြင့် (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပညတ်ရန် ဝဋ်ဆင်းရဲသည်မရှိဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။