သံယုတ္တနိကာယ်—၄၄

၈—ဝစ္ဆဂေါတ္တသုတ်

၄၁၇။ ထိုအခါ ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် ဤစကားကို ပြောဆို၏— အသျှင်ဂေါတမ “လောကသည် မြဲသလော”။ ဝစ္ဆ “လောကသည် မြဲ၏”ဟူသော ဤစကားကိုငါ မဟော။ပ။ အသျှင်ဂေါတမ သို့ဖြစ်လျှင် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်သလော။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ်သည်လည်း မဟုတ်”ဟူသော ဤစကားကိုလည်း ငါ မဟော။

အသျှင်ဂေါတမ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်းမဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ဝေဒနာကိုအတ္တဟူ၍ ရှုကြကုန်၏။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ထို့ ကြောင့် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်း ကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုခြင်း ဖြစ်၏။ ဝစ္ဆပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားသည်ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း မရှု။ ဝေဒနာကို အတ္တဟူ၍လည်းကောင်း။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်း ကောင်း မရှု။ ထို့ကြောင့်မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်း ကောင်း။ပ။ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့မဖြေဆိုခြင်း ဖြစ်၏ဟု မိန့်တော်မူ၏။

ထို့နောက် ဝစ္ဆဂေါတ္တပရိဗိုဇ်သည် နေရာမှ ထ၍ အသျှင်မဟာမောဂ္ဂလာန်ထံသို့ ချဉ်းကပ်ပြီးလျှင်အသျှင်မဟာမောဂ္ဂလာန်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်မဟာမောဂ္ဂလာန်အား— အသျှင်မောဂ္ဂလာန် လောကသည် မြဲသလောဟုမေးလျှောက်၏၊ ဝစ္ဆ “ လောကသည် မြဲ၏ “ဟူသော ဤစကားကို မြတ်စွာဘုရား ဟောတော်မမူ။ပ။ အသျှင်မောဂ္ဂလာန် သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ်သလော။ ဝစ္ဆ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ ဟူသော ဤ စကားကိုလည်း မြတ်စွာဘုရား ဟောတော်မမူ။

အသျှင်မောဂ္ဂလာန် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် “ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုကြခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်မောဂ္ဂလာန် ရဟန်းဂေါတမသည် ဤသို့ အမေးခံရလျှင် “လောကသည် မြဲ၏”ဟူ၍လည်းကောင်း့။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ဝစ္ဆ အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ဝေဒနာကိုအတ္တဟူ၍လည်းကောင်း။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်းကောင်း၊ ဝိညာဏ်ရှိသော အတ္တ ဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှုကြကုန်၏။ ထို့ကြောင့် အယူတစ်မျိုးရှိသူ ပရိဗိုဇ်တို့သည် ဤသို့အမေးခံကြရလျှင် “လောကသည် မြဲ၏”ဟူ၍လည်း ကောင်း။ပ။ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ ဖြေဆိုကြခြင်း ဖြစ်၏။

ဝစ္ဆ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောမြတ်စွာဘုရားသည်ကား ရုပ်ကို အတ္တဟူ၍လည်းကောင်း၊ ရုပ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍လည်းကောင်း၊ ရုပ်၌ အတ္တဟူ၍လည်းကောင်း ရှုတော် မမူ။ ဝေဒနာကိုအတ္တဟူ၍လည်းကောင်း။ပ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို အတ္တဟူ၍လည်း ကောင်း၊ ဝိညာဏ်ရှိသော အတ္တဟူ၍လည်းကောင်း၊ အတ္တ၌ ဝိညာဏ်ဟူ၍လည်းကောင်း၊ ဝိညာဏ်၌ အတ္တဟူ၍လည်းကောင်း ရှုတော်မမူ။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အမေးခံရလျှင် “လောကသည်မြဲ၏”ဟူ၍လည်းကောင်း၊ “လောကသည် မမြဲ”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးရှိ၏”ဟူ၍လည်းကောင်း၊ “လောကသည် အဆုံးမရှိ”ဟူ၍လည်းကောင်း၊ “ထိုအသက်သည်ပင် ထိုကိုယ်တည်း”ဟူ၍လည်းကောင်း၊ “အသက်သည် တခြား ကိုယ်သည် တခြား”ဟူ၍လည်းကောင်း၊ “ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်၏”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်းဖြစ် မဖြစ်လည်း မဖြစ်”ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်”ဟူ၍လည်းကောင်း ဤသို့ မဖြေဆိုခြင်း ဖြစ်၏ဟု မိန့်ဆို၏။

အသျှင်မောဂ္ဂလာန် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်မောဂ္ဂလာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏တရားဟောရာ၌ အနက်အနက်ချင်း သဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင် ဘဲ ရှိလှပါ၏၊ အသျှင်မောဂ္ဂလာန် အကျွန်ုပ်သည် ယခုပင် ရဟန်းဂေါတမကို ချဉ်းကပ်ပြီးလျှင် ဤအနက်ကို မေးခဲ့ပါသည်၊ ရဟန်းဂေါတမသည်လည်း ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့်အသျှင်မောဂ္ဂလာန်ကဲ့သို့ပင် ဤ အနက်ကို ဖြေဆိုပါသည်။ အသျှင်မောဂ္ဂလာန် အံ့ဖွယ်ရှိပါပေစွ၊ အသျှင်မောဂ္ဂလာန် မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ဆရာနှင့် တပည့်၏ တရားဟောရာ၌ အနက်အနက်ချင်းသဒ္ဒါသဒ္ဒါချင်း တစ်ထပ်တည်း ကျလှပါ၏၊ ညီညွတ်လှပါ၏၊ မဆန့်ကျင်ဘဲ ရှိလှပါ၏ဟု (လျှောက်၏)။

အဋ္ဌမသုတ်။