သံယုတ္တနိကာယ်—၄၅

၂—ဝိဟာရဝဂ်

၃—သေက္ခသုတ်

၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။ပ။ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— အသျှင်ဘုရား “ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်”ဟု ပြောဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှလောက်ဖြင့် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် ဖြစ်နိုင်ပါသနည်းဟု (လျှောက်၏)။

ရဟန်း ဤသာသနာတော်၌ ကျင့်ဆဲ ‘သေက္ခ’ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ နှင့်ပြည့်စုံ၏။ပ။ ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’နှင့်ပြည့်စုံ၏။ ရဟန်း ဤမျှဖြင့် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ် ဖြစ်နိုင်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။