သံယုတ္တနိကာယ်—၄၅
၇—ဧကဓမ္မပေယျာလဝဂ်
၁—ကလျာဏမိတ္တသုတ်
၆၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ တစ်ခုသော တရားသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ဖြစ်စေခြင်းငှါ ကျေးဇူးများ၏။ တစ်ခုသော တရားဟူသည် အဘယ်နည်း၊ မိတ်ဆွေကောင်းရှိခြင်းတည်း။ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းအား အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်လတ္တံ့ဟုမျှော်လင့်အပ်၏။
ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင်ပွါးများသနည်း၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို အဘယ်သို့လျှင် ကြိမ်ဖန်များစွာ ပြုလုပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု ‘ရာဂ’ ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကိုမှီသော စွဲမက်မှု ‘ရာဂ’ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောတည် ကြည်မှု ‘သမ္မာသမာဓိ’ ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင် မိတ်ဆွေကောင်းရှိသော ရဟန်းသည်အင်္ဂါ ရှစ်ပါးရှိသောအရိယမဂ်ကို ပွားများ၏၊ အင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ကြိမ်ဖန်များစွာပြုလုပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။